မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာကတော့ ယူနိုက်တက်မှာထက် လစာမြင့်မြင့် ရပြီး အသင်းဖော်ဟောင်း စီ ရော်နယ်ဒိုနဲ့ ပြန် လက်တွဲ ကစားခွင့် ရမယ့် အခွင့်အရေးကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။

စပိန် လက်ရွေးစင်ဟောင်း ဒီဂီယာဟာ နွေတုန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးတည်းက အသင်းသစ် မရရှိသေးပါဘူး။

ဒီဂီယာ ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး တချို့ အပါအဝင် ဥရောပ ပြင်ပကလပ်တွေကလည်း ကြိုးပမ်းနေကြပေမယ့် စပိန်သားကတော့ အသင်းသစ်ကို စိတ်ကြိုက် ရွေးချယ်နေဆဲပါ။

အင်္ဂလန် သတင်းဌာနတွေ အဆို အရ ဒီဂီယာ ဟာ ဆော်ဒီ ပရိုလိဂ် ကလပ် အယ် နက်ဆာ အသင်းရဲ့ တစ်ပတ် လုပ်ခ ပေါင် ၅ သိန်း ထိ ပေးမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

ထိုသတင်း အဆို အရ ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် ထက် သာတဲ့ လုပ်ခ ခံစားခွင့်နဲ့ ကမ်းလှမ်းမှုကြီး ရခဲ့သည့်တိုင် ဇနီး ဖြစ်သူက အရှေ့အလယ်ပိုင်းသို့ မပြောင်းရွှေ့လိုတာကြောင့် လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အယ်နက်ဆာအသင်းထံ သွားရင် ဒီဂီယာ ဟာ ယူနိုက်တက်တုန်းက အသင်းဖော်ဟောင်း ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ ပြန် ကစားခွင့်လည်း ရရှိမှာပါ။ ဒီဂီယာ ရဲ့ ဇနီး ဖြစ်သူက ဇူလိုင်လကမှ လက်ထပ် ထားတာ ဖြစ်လို့ ဆော်ဒီဘက်သို့ မပြောင်းရွှေ့ လိုပါဘူး။

ဒီဂီယာဟာ မေဂျာလိဂ် ဘက် ပြောင်းရွှေ့ ကစားဖို့တော့ စဉ်းစားဖွယ် ရှိနေပြီး ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မီယာမီ အသင်းက စပိန်သားကို ခေါ်ယူလိုကြောင်း အစောပိုင်းက သတင်းထွက်ထားပါတယ်။