အာဆင်နယ် နည်းပြ အာတီတာက ပြီးခဲ့တဲ့ ရာသီက အဓိက လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ရမ်စ်ဒယ်ကို ခေါက်ပြီး ဒီနွေမှ အငှားဖြင့် ခေါ်ယူထားတဲ့ ရာယာကို နေရာပေးနေတာဟာ မှန်ကန်တဲ့ ကိစ္စ မဟုတ်ကြောင်း သုံးသပ်ချက်တွေ အများကြီး ရှိနေပါတယ်။

အာဆင်နယ် ပရိသတ်တွေ ကိုယ်တိုင်က အာတီတာရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ မထောက်ခံသူတွေ အများကြီး ရှိပါတယ်။

ဂန်းနားဟောင်းကြီး အွန်နရီကတော့ ဒါဟာ အသင်းကြီး တစ်သင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်လိုရင် ရင်ဆိုင် ရမယ့် အခြေအနေပဲလို့ က သုံးသပ် ဆွေးနွေးသွားခဲ့ပါတယ်။

အွန်နရီက ” ထိပ်တန်းအသင်းတွေမှာ ပြိုင်ဆိုင်မှုဆိုတာ ရှိမှာပါပဲ။ ကျနော်က အာဆင်နယ်အသင်း နည်းပြ မဟုတ်ဘူး။ ဒါပေမယ့် အာတီတာက ပရီးမီးယားလိဂ် ဖလား အောင်မြင်စေမယ်လို့ သူယူဆသူကို ကလပ်ထဲ ခေါ်သွင်းလာခဲ့ပါတယ်။

ရမ်စ်ဒယ်က အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်းထဲ ဆွဲခေါ်ခဲ့သူဖြစ်ပြီး အဲ့တုန်းက လီနိုကို ဖူလ်ဟမ်ထံ ရောင်းချခဲ့ပါတယ်။ ဒါက ဘောလုံးလောကရဲ့ ဇာတ်လမ်းတွေပါပဲ။

မျိုးဆက်သစ်တွေအကြောင်း ကျနော် နားလည်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေမှာ ဒီလို ကိစ္စတွေက လုံးဝ မပြောင်းလဲပါဘူး။ ကစားသမားတွေက ပြိုင်ဆိုင်နိုင်ရပါမယ်။ အကယ်လို့ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် သူ့နေရာ အခြားတစ်ဦး ဝင်လာပါလိမ့်မယ်။

ဖီးလ် ဖိုဒန်ကိုပဲ ကြည့်လေ၊ သူက သိပ်ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ ဒါပေမယ့် စီးတီးက ကစားသမားကောင်းတွေ ဆက်ပြီး ခေါ်ယူနေပါတယ်။ ထိပ်တန်းအသင်းတွေ ဆိုတာ အဲ့လို အခြေအနေပါပဲ။ အသင်းကြီးတစ်သင်းမှာ ဆက်နေဖို့ မပျော်ရွှင် မင်း ထွက်သွားလို့ ရပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။