ပရီးမီးယားလိဂ် အသင်းကြီးတွေကတော့ ဘောလုံးရာသီ အရှိန်ရလာချိန်မှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာသလို ခရစ္စမတ်ကာလ ပွဲကြပ် နေ့ရက်တွေကိုလည်း ခက်ခဲစွာ ကျော်ဖြတ်ရဦးတော့မှာပါ။

အသင်းကြီးတွေကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာတော့ လူသစ် အင်အားဖြည့်မှုကောင်းတွေ ပြုလုပ် လာနိုင်ပြီး အောက်ပါ ကစားသမားတွေ ရေပန်းစားနေပါတယ်။

အာဆင်နယ်ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးကို ခေါ်ယူလိုပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရဖွယ် ရှိပါတယ်။ ဘရန့်ဖိုဒ့်ဟာ အာဆင်နယ်၊ ချယ်ဆီးတို့ရဲ့ တိုက်စစ် လိုအပ်ချက်ကို သိထားတာကြောင့် ပေါင် သန်း ၁၀၀ ထိ ဈေး တောင်းဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။

အတ်ဒီဟောင်ရဲ့ နယူးကာဆယ်အသင်းဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ လိုအပ်နေတာကြောင့် မန်စီးတီးမှ ကီဗင်ဖီးလစ်ကို အလိုရှိနေတယ်။ ဘာစီလိုနာမှ ရာဖင်ညာနဲ့ ဆော်ဒီလိဂ်မှ ရူဗင်နီဗက်စ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

အိုဆင်ဟမ်ကိုလည်း ချယ်ဆီး အသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားနေပြီး နွေတုန်းက ချိတ်ဆက်ခဲ့ကြပေမယ့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ပြန်လည် အနိုင်ရခဲ့တဲ့ နာပိုလီမှာပဲ ဆက်နေဖို့ တိုက်စစ်မှူးက ရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် မနှစ်ကရာသီ ပြိုင်ပွဲစုံ ၃၁ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်သမားဟာ ဒီရာသီ စီးရီးအေ ၁၀ ပွဲမှာ ၆ ဂိုး သွင်းယူထားပြီး အောက်တိုဘာလတည်းက တံကောက်ကြော ဒဏ်ရာ ရနေခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဆန်ချိုဟာ နည်းပြ တန်ဟက် လက်ထက်မှာ လုံးဝ နေရာပျောက်နေခဲ့သူပါ။ ဂျူဗင်တပ်က ဆန်ချိုကို ခေါ်ယူလိုပေမယ့် သူ့ကို ပေါင် ၄၅ သန်း ထက် ပိုပေးဖို့ အစီအစဉ် မရှိပါဘူး။

အသင်းဟောင်း ဒေါ့မွန်ကလည်း ဆန်ချိုကို အလိုရှိပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၂၇၅၀၀၀ ကို ပေးချေနိုင်စွမ်းမရှိ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂျူဗင်တပ်ကို ပေါင် ၇၁ သန်းဖြင့် ရောက်ခဲ့တဲ့ ဗလာဟိုဗစ်ရဲ့ အနာဂတ်က မသေချာမှုတွေ ပြည့်နေပါတယ်။

ဒီရာသီ စီးရီးအေ ၁၀ ပွဲမှာ သွင်းဂိုး ၄ ဂိုးပဲ ရထားတဲ့ သူဟာ နောက်ဆုံး ၅ ပွဲမှာ ပွဲထွက်ကနေ ၁ ပွဲပဲ ပါဝင်ထားရသူ ဖြစ်ပါတယ်။ သူ့ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ချယ်ဆီးဘက်က စိတ်ဝင်စားနေပါတယ်။