မနေ့ည က မန်စီးတီးနဲ့ လီဗာပူး တို့ရဲ့ ၁-၁ သရေပွဲအပြီးမှာ လီဗာပူး တိုက်စစ်မှူး ဒါဝင် နူးညက်စ်နဲ့ ဘာဖြစ်ခဲ့ကြလဲ မေးခံရချိန် နည်းပြဂွာဒီယိုလာက ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းသွားပါတယ်။

ဒီပွဲမှာ ဟာလန်းရဲ့ ပထမပိုင်းဂိုးနဲ့ စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ထရန့်က ဒုတိယပိုင်းမှာ ခြေပဂိုး သွင်းယူခဲ့တာပါ။

ပွဲအပြီးနှစ်သင်း နည်းပြ နှုတ်ဆက်ပြီးလို့ ဂွာဒီယိုလာနဲ့ ဒါဝင် နူးညက်စ်တို့ လက်ဆွဲ နှုတ်ဆက်ရာမှာ အငြင်းပွားကြမှု ဖြစ်ပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်က ဒါဝင် နူးညက်စ်ကို ဆွဲခေါ်သွားခဲ့ပြီး ဂွာဒီယိုလာကို လီဗာပူး လက်ထောက် နည်းပြက တွန်းထားခဲ့ကာ ပြဿနာ ပိုကြီးမလာဖို့ ထိန်းသွားခဲ့ပါတယ်။

ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဂွာဒီယိုလာက ရယ်မောပြီး ‘ သူက (ဒါဝင် နူးညက်စ်) ကျနော်ထက် သန်မာတယ်ဗျ၊ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ပါဘူး။

အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ စိတ်မပျက်ပါဘူး။ ကျနော် တကယ်ကို ကျေနပ်ပါတယ်။ ဒီတော့ မင်းတို့ရဲ့ ဒုတိယမေးခွန်းကို ဖြေပေးပြီး ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးမေးတဲ့ ဂွာဒီယိုလာနဲ့ ဒါဝင် နူးညက်စ် ကိစ္စကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။

လီဗာပူးက အရမ်းကို ခက်ခဲတဲ့ အသင်းဆိုတာကို ကျနော် နားလည်တာကြောင့် ဒီကနေ့ ကစားခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ကျနော် သိပ်ပြီးကို ကျေနပ်ပါတယ် ’ လို့ ဆိုခဲ့တယ်။

ဂွာဒီယိုလာနဲ့ နူးညက်စ်တို့ စပိန်လို ပြောဆိုနေမှုကို နည်းပြကလော့ပ်က ကြားဝင် ဖျန့်ဖြေပေးခဲ့ပေမယ့်လို့ ဂျာမာန်သားကြီးက စပိန်လို နားမလည်တာကြောင့် ဘာဖြစ်ခဲ့တယ် သေချာ မသိပါဘူး။

‘ ဘာဖြစ်ခဲ့ကြတာလဲဆိုတာ ကျနော် ရှင်းပြနိုင်မယ် မထင်ပါဘူး။ အခြေအနေ အေးဆေးဖြစ်သွားအောင် ကျနော် ကြားဝင်ခဲ့ပေမယ့် သူတို့ ဘာပြောနေကြတာလဲ တစ်လုံးမှ နားမလည်ပါဘူး။ ’ လို့ ကလော့ပ်က ပြောခဲ့တာ ဖြစ်ပါတယ်။