မနေ့ညက ဘရန့်ဖိုဒ့်ကို ခက်ခဲစွာ ယှဉ်ပြိုင်ရပြီး ၁-၀ ဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာ အာဆင်နယ်ရဲ့ အနိုင် ဂိုးရှင် ကိုင်ဟာဗက် ဟာ သူ့ရဲ့ ပျော်ရွှင်မှုကို ဖွင့်ဟသွားပါတယ်။
ပွဲချိန် ၈၉ မိနစ်လောက်မှာ ဟာဗက်ဟာ အိုဒီဂတ်နဲ့ ဆာကာတို့ တွဲဘက်မှုက တစ်ဆင့် ဆာကာ မ တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ဘေးကနေ ကပ်ပြီး ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အတွက် သွင်းဂိုးတွေ မယူဆောင်ပေးနိုင်လို့ ဝေဖန်မှုတွေ ခံယူနေရတဲ့ ဟာဗက် အတွက် ဒီ သွင်းဂိုးဟာ အတော် ဖိအားလျော့သွားစေမှာပါ။
ကိုင်ဟာဗက်က “ ဒီနေ့ ကျနော် ဂိုးတစ်ဂိုး ရခဲ့ပြီး အသင်းအတွက် ပြန်ပေးခဲ့တာပါ။ အသင်းအတွက် ဒီဂိုး သွင်းပေးနိုင်တာကို ပျော်ရွှင်မိပါတယ်။ ဂိုးက သိပ်ကောင်းသလို ဘောလုံးပေးချက်ကလည်း ကောင်းခဲ့ပါတယ်။
ကျနော်တို့အသင်းဟာ ဒီလို ပုံစံတွေအတွက် အများကြီး လေ့ကျင့်ထားပါတယ်။ အိုဒီဂတ်နဲ့ ဆာကာတို့က ဒီပေးချက်တွေကို လုပ်ဖို့ သိပ်ပျော်ရွှင်ကြသူတွေပါ။
ဒါက ကြိုးစားမှုရဲ့ ရလဒ်ပါပဲ၊ သူ့အလိုလို ရောက်လာတာ ဘာတစ်ခုမှ မရှိပါဘူး။ ကိုယ့် ယုံကြည်စွာ ဆက်လုပ်နေဖို့ လိုပါတယ်။ ကျနော်က ကိုယ့်ရဲ့ အတ္တကို ဘေးဖယ်ထားပြီး အသင်းအတွက် အရေးကြီးဆုံး တွေ လုပ်နိုင်ဖို့ပဲ ကြိုးစားနေပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ကိုင်ဟာဗက်ဟာ အသင်းဖော်တွေနဲ့အတူတူ အဝေးကွင်း ပရိသတ်တွေရှေ့ သွားရောက် အောင်ပွဲခံခဲ့ကာ ဒီရာသီ အာဆင်နယ်အတွက် သူသွင်းယူပေးတဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးက ပျော်ရွှင်ဖွယ် ဖြစ်ခဲ့ပါတယ်။