ဒီ ၂၀၂၃ ခုနှစ်အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို လေ့လာကြည့်တဲ့ အခါမှာ အံ့အား သင့်ဖွယ် အချက်အလက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ငွေအလုံးအရင်း သုံးထားတဲ့ ချယ်ဆီး ရုန်းကန်နေရသလို နည်းပြ အမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာကတော့ အောင်မြင်နေပါတယ်။

ဘောလုံးပြက္ခဒိန် နှစ်တစ်ခု ကုန်ဆုံးဖို့ရာ ၁ လလောက်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အသင်းတိုင်ဟာ ဇန်နဝါရီ ဈေးကွက်အတွက်တောင် စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား အပြီးမှာ ချယ်ဆီးဟာ အန်ဇို ဖာနန်ဒက်စ်နဲ့ မူဒရစ်တို့ကို ပရီးမီးယားလိဂ်ထံ ခေါ်ယူ လာခဲ့တယ်။ ဒီနွေမှာလည်း ကိုင်ဆီဒို၊ လာဗီယာတို့လို ကြယ်ပွင့်တွေကို ထပ်မံ ခေါ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လို့ ချယ်ဆီးဟာ အောင်မြင်မှုထက် ရုန်းကန်ရမှုတွေပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

TransferMarkt က ဖော်ပြရာမှာ ၂၀၂၃ ခုနှစ် ဘောလုံးပြက္ခဒိန်မှာ တန်းဆင်းသွားတဲ့ ကလပ် ၃ သင်းနဲ့ တန်းတက်လာတဲ့ ကလပ် ၃ သင်းကလွဲရင် ချယ်ဆီးထက် အခြေအနေ ဆိုးရွားတာဆိုလို့ အဲဗာတန်နဲ့ ဘုန်းမောက်တို့ပဲ ရှိတော့တာ ဖြစ်ပါတယ်။

အခြားသော ထူးခြားမှုအဖြစ်တော့ နယူးကာဆယ်က အထင်ကြီးလောက်စရာ စွမ်းရည်တွေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့သလို အက်စတွန်ဗီလာကလည်း နည်းပြအမ်မရီနဲ့အတူ အဆင့် ၁၆ ကနေ အဆင့် ၄ ထံ တိုးဝင်ရောက်ရှိလာခဲ့တယ်။

အာဆင်နယ်အသင်း ထိပ်ဆုံးအဆင့်တွေထံ ရောက်ရှိလာခဲ့ပြီး လီဗာပူးက ထိပ်ဆုံး ၄ သင်းကနေ လွင့်ထွက်သွားကာ လက်တလောမှာတော့ နေရာဟောင်းအဖြစ် ဆုဖလား စိန်ခေါ်သူ အဆင့်ကို ပြန် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။