ဒီတလောမှာ မန်စီးတီး အသင်းဟာ ဆက်တိုက် နိုင်ပွဲတွေ ပျောက်နေတာကြောင့် ဒီနှစ်မှာ ချန်ပီယံ ဖြစ်နိုင်ပါဦးမလား သံသယ ဝင်သူတွေ များလာပါတယ်။
စီးတီးဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ချယ်ဆီး၊ လီဗာပူး၊ စပါးတို့နဲ့ တွေ့ထားပြီး ဆက်တိုက် သရေကျထားသလို ဒီညမှာလည်း အဆင့် ၄ နေရာက ဗီလာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ရဖို့ ရှိနေပါတယ်။
စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ သမိုင်းမှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ပရီးမီးယားလိဂ် ၄ ကြိမ် ဆက် ချန်ပီယံဘွဲ့ကို အရယူပြနိုင်ဖို့ စိတ်အား ထက်သန်နေဆဲပါ။ ဒီအတွက် ယုံကြည်မှု အပြည့်နဲ့ စီတီး ချန်ပီယံ ဆက်လုပ်မယ့် အကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
ဂွာဒီယိုလာက ‘ ဒီအခြေအနေကို ကျနော်လည်း ရင်ဆိုင်ဖူးခြင်း မရှိဘူး။ ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ လှုံ့ဆော်မှုပဲ ရှိပါတယ်။ တစ်ခုခုကို အောင်မြင်ချင်ရင် ကိုယ့်ရဲ့ ပြိုင်ဘက်တွေထက် ပိုကောင်းရပါမယ်။
ဒီနေ့ ကျနော်ရဲ့ ခံစားချက်ကတော့ မန်စီးတီး ပရီးမီးယားလိဂ်ဖလား ရယူမှာပါ။ လီဗာပူး၊ စပါးပွဲတွေမှာ ကျနော်တို့ ကစားပြခဲ့တဲ့ အဆင့်အတန်းနဲ့ဆိုရင် ကျနော်တို့ နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ရမှာပါ။
၃ ရာသီဆက် အနိုင်ယူပြီးနောက် ကျနော်တို့ကို လူတွေ မယုံကြည်ကြတော့ပေမယ့် ကျနော်တို့ ထပ်ပြီး လုပ်ပြနိုင် ပါတယ်။ ပရီးမီးယားလိဂ်ကို ၄ ရာသီဆက် ဘယ်အသင်းမှ မယူပြဖူးတော့ ဒါက မလွယ်ကူဘဲ ခက်ခဲမယ်ဆိုတာ သိပါတယ်။
ဒါပေမယ့် ကျနော့်ရဲ့ ခံစားချက်ကို လာမေးရင်တော့ ကျနော်တို့ နောက်ထပ် တစ်ကြိမ် လုပ်ပြချင်ပါတယ်။ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်စီးတီးအသင်းဟာ ဇယားထိပ်က တစ်ပွဲပို ကစားထားတဲ့ အာဆင်နယ်နဲ့ ၆ မှတ်ထိ ကွာဟနေတာ ဖြစ်ပါတယ်။