ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲအဖြစ် ဆားဘီးယားကို ယှဉ်ပြိုင်ရာမှာ ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ဆာကာရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဘယ်လင်ဟမ်က ဧရိယာထဲ ဝင်တိုးပြီး ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒူးနဲ့စလိုက်ထိုးပြီး ပျော်ရွှင်မှုကို ပြသခဲ့သလို သူ့ရဲ့ ပုံစံအတိုင်း လက်ကို ဆန့်တန်းပြီး အောင်ပွဲခံမှုလည်း လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကွင်းလယ်လူဟာ အသင်းဖော်ဖြစ်တဲ့ ထရန့်နဲ့အတူ လူသိပ်မမြင်ဖူးသေးတဲ့ အောင်ပွဲခံမှု တစ်မျိုးကို နှစ်ဦးတွဲပြီး လုပ်ခဲ့ပါသေးတယ်။

သူတို့နှစ်ဦးဟာ ဒူးတစ်ဘက်စီထောက်ပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ အောင်ပွဲခံခဲ့ကြတာပါ။ ဘယ်လင်ဟမ်တို့ထံက ထူးထူးဆန်းဆန်း အပြုအမှုအတွက် ပွဲအပြီး မေးမြန်းခံခဲ့ရပါတယ်။

အနိုင်ဂိုးရှင်က ဘီဘီစီကနေ ပြောပြရာမှာ ” ထရန့်နဲ့အတူ လုပ်ခဲ့တဲ့ အောင်ပွဲခံမှုက Wolf ဆိုတဲ့ ဂိမ်းကနေလာတာပါ။ ကျနော်တို့အတူ Wolf ဂိမ်းကို ကစားတဲ့အခါ အသင်းသား တစ်ယောက်က အဲ့လိုမျက်နှာ လုပ်ရတာကို သိပ်ကြိုက်တယ်။

ကျနော်တို့ အောင်ပွဲခံခဲ့တာက ဒီ Wolf အဖွဲ့သားတွေအတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါပဲ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ပွဲအပြီးမှာတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု အနိုင်ရခဲ့သလို ၂၀၂၄ ခုနှစ် ဘလွန်းဒီအောဆုအတွက်တော့ ပိုမို ရေပန်းစားလာခဲ့ပြီ ဖြစ်ပါတယ်။