လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ နာမည်ကြီး ကစားသမားတွေဖြစ်ကြတဲ့ ဘယ်လင်ဂမ်နဲ့ ဒီကလန်ရိုက်စ်တို့ဟာ ဆလိုဗက်ကီးယားနဲ့ပွဲက ဖြစ်ရပ်တွေကြောင့် အရေးယူခံရဖို့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဆလိုဗက်ကီးယားနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲမှာ အင်္ဂလန်အသင်းဟာ အနိုင်ရအောင် အသည်းအသန်ကစားခဲ့ရပြီး ဘယ်လင်ဂမ်၊ ဟယ်ရီကိန်းတို့က ဂိုးတွေသွင်းယူခဲ့တာကြောင့် ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အတွက် ချေပဂိုးသွင်းယူပြီးချိန်မှာ ဘယ်လင်ဂမ်က သူ့ရဲ့ပေါင်ခြံနားကို လက်နဲ့ကိုင်ပြတဲ့ပုံစံ အောင်ပွဲခံခဲ့တာကြောင့် ဒါက ပြိုင်ဘက်အသင်းအပေါ် မလေးစားတဲ့အပြုအမူဖြစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဒါ့အပြင် ပွဲအပြီးမှာလည်း အင်္ဂလန်နဲ့ အာဆင်နယ် အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ပြိုင်ဘက်အသင်းနည်းပြဖြစ်သူ ကယ်လ်ဇိုနာနဲ့ အချင်းများခဲ့တာကြောင့် အင်္ဂလန်အသင်းဖော် ရမ်စဒေးလ်နဲ့ ဆလိုဗက်ကီးယား ကစားသမားတွေက ဒီကလန်ရိုက်စ်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

ကယ်လ်ဇိုနာဟာ ဒိုင်လူကြီးတွေနဲ့စကားပြောဖို့ ပြင်ဆင်နေတုန်း ဒီကလန်ရိုက်စ်က ကြားဝင်နှောင့်ယှက်ခဲ့တဲ့အတွက် ကယ်လ်ဇိုနာဟာ ဒီကလန်ရိုက်စ်ကို တွန်းထုတ်ခဲ့တာကနေ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကယ်လ်ဇိုနာက “ဒိုင်လူကြီးတွေနဲ့ ကျွန်တော် စကားပြောဖို့လုပ်နေတုန်းမှာ ဒီကလန်ရိုက်စ်က မထွက်သွားဘဲ ကြားဖြတ်ပြီးတော့ ဝင်ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူက တောင်းပန်စကားဆိုခဲ့တာကြောင့် ဒီပြဿနာက အေးဆေးဖြစ်သွားပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွက် ဒီကလန်ရိုက်စ်ဟာ တစ်စုံတစ်ရာ အရေးယူခံရဖို့ မရှိတဲ့အတွက် နောက်ပွဲ ကွာတားဖိုင်နယ်မှာ ဆက်လက် ပါဝင်ခွင့် ရှိမှာ ဖြစ်ပါတယ်။