၂၀၂၄ ယူရိုပြိုင်ပွဲမှာ သတင်းခေါင်းကြီးတွေကို မကြာခဏ သိမ်းပိုက်ထားတဲ့ ၁၆ နှစ်သားလေး ရာမယ်ကတော့ ကွာတားဖိုင်နယ်ပွဲကြို ဂျာမနီကို လေတိုက်သွားပါတယ်။
ဒီပြိုင်ပွဲမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်တဲ့ ရာမယ်ဟာ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှာကော ၁၆ သင်းအဆင့်မှာပါ ကိုယ်တိုင် ဂိုးသွင်းနိုင်ခြင်း မရှိသေးပါဘူး။ ယူရိုမှာ ဂိုးမရသေးခြင်းအတွက် မေးခံရချိန်မှာ ဆယ်ကျော်သက်လေးက နှုတ်စောင်းထက်ပြခဲ့တာပါ။
“ အနိုင်ရလဒ်အတွက် ပျော်တယ်လေ။ ကွာတားဖိုင်နယ် ရောက်သွားတာအတွက် ပျော်ပါတယ်။ နောက်ပွဲ ပါဝင်ကစားဖို့ ကျနော် စိတ်အားထက်သန်နေပါပြီ။
ဒီပွဲမှာ (ဂျော်ဂျီယာ) ဂိုးသွင်းချင်တာပေါ့။ ဒါပေမယ့် ကျနော်ရဲ့ ဂိုးတွေကို ဂျာမနီပွဲအတွက် ဥထားလိုက်ပါမယ် ” လို့ ရာမယ်က စပိန်သတင်းဌာနကို ဖြေဆိုသွားတာ ဖြစ်ပါတယ်။
စပိန် တိုက်စစ်မှူး ဟိုဆေးလူကလည်း ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူမယ်လို့ ကြေညာထားတဲ့ တိုနီခရူးစ်ရဲ့ ဂျာမနီကို ဒီအပတ် ထိပ်တိုက်တွေ့မှုမှာ အနိုင်ယူဖို့ စိတ်ဆန္ဒ ပြင်းပြနေပါတယ်။
ဟိုဆေးလူက ” တိုနီခရူးစ်ရဲ့ နောက်ဆုံးပွဲဖြစ်သွားဖို့ မျှော်လင့်ကြရအောင်လား။ ဂျာမနီအသင်းမှာ သူရှိနေလို့ လွယ်ကူတဲ့ပွဲဖြစ်လာမှာတော့ မဟုတ်ဘူး။ သောကြာနေ့ညမှာ တိုနီကို ကစားသမားဘဝ အနားယူသွားရအောင် ကျနော်တို့တွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်။