လက်ရှိ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ အာဆင်နယ် အသင်း အတွက် ဒဏ်ရာ ထိုးနှက်ချက်တွေက ရှိလာနေပြီ ဖြစ်ပါတယ်။
အီတလီက ပြင်သစ်ကို ၃-၁ ဖြင့် အံ့ဩသင့်ဖွယ် အနိုင်ရတဲ့ နေးရှင်းလိဂ်အဖွင့်ပွဲစဉ်တွင် အာဆင်နယ်နှင့် အီတလီနောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အာဆင်နယ် ဘယ်နောက်ခံလူဟာ အူစမာနီဒမ်ဘီလီနှင့် မတော်တဆထိခိုက်ကာ လဲကျသွားပြီး ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာရရှိသွားပေမဲ့လည်း ဆက်လက် ကစားရန် ကြိုးပမ်းခဲ့ပေမဲ့ မိနစ်အနည်းငယ်အကြာမှာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
မနေ့ညက ပွဲစဉ်တွင် ပြင်သစ်ဟာ ဘရက်ဒလေဘာကိုလာရဲ့ ပွဲအစ၁၂ စက္ကန့်မှာပင် အီတလီ နောက်တန်းအမှားကနေ ဂိုးစတင်သွင်းယူခဲ့ပါတယ်။
အီတလီဟာ ၅ မိနစ်အကြာမှာ ချေပဂိုး ရလုနီးပါးဖြစ်ခဲ့ပေမဲ့ ဒါဗီဒီဖရက်တီဆီရဲ့ ခေါင်းတိုက်ချက် ဘားထိသွားလို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၀ မိနစ်မှာ တိုနာလီရဲ့ အသာမချပေးလိုက်မှုကနေ ဒီမာကိုက မြေမကျဘောကန်ပြီး အီတလီအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
ယင်းနောက် ဒုတိယပိုင်း ပွဲချိန် ၅၀ မိနစ်မှာ အင်တာမီလန်ရဲ့ ဖရက်တီဆီက ရီတီဂူရဲ့ ဖန်တီးမှုကနေ တိကျတဲ့ အဆုံးသတ်မှုဖြင့် အီတလီအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် ပွဲချိန် ၇၄ မိနစ်မှာ ရာစပါဒိုရီက အူဒိုဂီရဲ့ ပေးပို့မှုကနေ အီတလီအနိုင်သေချာစေမဲ့ တတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ကာလာဖီအိုရီ ဒဏ်ရာ မတိုင်ခင်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း နော်ဝေအသင်းမှာ Fitness နဲ့ ဒဏ်ရာ နောက်ဆက်တွဲ ပြသနာ ရှိထားပါသေးတယ်။