ဒီအပတ် အဆုံးအဖြတ်ပွဲတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဝါရင့် ဆရာကြီး ပေါမာဆန် ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

လီဗာပူး vs အက်စတွန်ဗီလာ

အက်စတွန်ဗီလာက ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာ ရလဒ်ကောင်း ရခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကိုသာ အဲဒီလို လိုင်းမြင့်မြင့် တက် ကစားရင် ဒီတပတ် အနည်းဆုံး ၄ ဂိုးလောက် ပေးရလိမ့်မယ်။ ဗီလာရဲ့ ပြသနာက သူတို့ ဥရောပ ဝင်ခွင့် တစ်နေရာကို အာရုံထားလိုက်တာနဲ့ သူတို့ ရုန်းကန်ရတော့တာပဲ။ ဒါပေမယ့် ဒီ ဖိအားက အခု သူတို့ မရှိတော့ပါဘူး။

လီဗာပူးက ရာသီကုန်ရင် အဓိက ကစားသမား ၄ဦး အသင်းကနေ ထွက်မယ် အတည်ပြုထားပါတယ်။ ဖာမီနို၊ ကိတ်တာ၊ ဂျိမ်းစ် မေနာနဲ့ ချိန်ဘာလိန်တို့ပါ။

ဖာမီနိုက သိပ်မကြာသေးခင်က ထိ လီဗာပူးရဲ့ အဓိက လူ ဖြစ်ခဲ့သူပါ။ သူက ဗဟိုခံစစ်သမားတွေကို ဆွဲခေါ်ပြီး မာနေးနဲ့ ဆာလာတို့ ဂိုးတွေ အများကြီး သွင်းအောင် ကူညီပေးခဲ့တယ်။ နောက်ရာသီ ဘရာဇီးသားက ဘယ်မှာ ကစားမလဲ စိတ်ဝင်စားစရာပါ။ လီဗာပူးက မေနာကိုလည်း လွမ်းဆွတ်နေရပါလိမ့်မယ်။

လီဗာပူးက ဒီပွဲကို အနိုင် ကစားပြီး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့ကို ဆက် ဖိအားပေးမယ် လို့ ကျနော် မျှော်လင့်ထားတယ်။ သူတို့ ခက်ခက်ခဲခဲ နိုင်ပွဲ ယူပြီး အန်းဖီးမှာ စိတ်ခံစားမှုတွေ ရောပြွန်းနေမယ့် ညနေခင်း ကြုံရပါဦးမယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ Liverpool 2-1 Aston Villa

ဘုန်းမောက် vs မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကို နိုင်မှ ဖြစ်မှာပါ၊ ပွဲက ကြည့်လို့လည်း ကောင်းလိမ့်မယ်။ ဘုန်းမောက်က တန်းဆင်းဇုန် ဘေးကနေ လွတ်ကင်းသွားပါပြီ။ ဒီတော့ ဒီပွဲက ရည်မှန်းချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် လက်ထဲမှာ ရှိနေမယ် ထင်ပါတယ်။

ဒီပွဲ သရေကျသွားရင် အဲရစ်တန်ဟက် အပေါ် ဖိအားတွေ အများကြီး ကျသွားလိမ့်မယ်။ သူတို့က ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် အတွက် ချယ်ဆီးနဲ့ ပွဲကို စောင့်ချင်မှ မဟုတ်ဘူး။ ဒီပွဲ သရေကျသွားရင်လည်း အံ့သြမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီပွဲ ကို ရအောင် ရုန်းသွားမယ်လို့ မျှော်လင့်ထားတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ Bournemouth 0-1 Manchester United

နော့တင်ဟမ် ဖောရက်စ် vs အာဆင်နယ်

အာဆင်နယ်က ဘရိုက်တန်ကို ရှုံးလိုက်ပြီးတဲ့နောက် သေချာပေါက် စိတ်ပျက်နေပါလိမ့်မယ်။ နော့တင်ဟမ် ဖောရက်စ် ကလည်း တခြားပွဲ ရလဒ်တွေကို စောင့်ကြည့်နေမှာပါ။ ဒါပေမယ့် လက်ရှိမှာ တန်းဆင်းဇုန်ကနေ ၃ မှတ် ကွာသွားပြီ ဖြစ်လို့ အတော်တော့ စိတ်ချရပြီ ဆိုနိုင်ပါတယ်။

လက်စတာကလည်း နိုင်ပွဲတွေ ရမနေတော့ ဖောရက်စ် အနေနဲ့ တစ်မှတ် ရရင်ကို အဆင်ပြေမှာပါ။ ဖောရက်စ်က အာဆင်နယ်ကို ရသလောက် ယှဉ်ပါလိမ့်မယ်။ ဒါပေမယ့် ဂန်းနားတွေပဲ အသာရသွားမယ် လို့ ကျနော် ထင်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Forest 1-2 Arsenal

မန်ချက်စတာ စီးတီး vs ချယ်ဆီး

မန်ချက်စတာစီးတီးက ဒီပွဲပြီးရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါပြီ။ ပရီးမီးယားလိဂ်ကို မြန်မြန် ဖြတ်နိုင်ရင် သူတို့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်နိုင်ပါလိမ့်မယ်။ သူတို့က လုံးဝ ခြိမ်းခြောက်နိုင်စွမ်း အပြည့်နဲ့ အသင်း ဖြစ်နေတယ်။ ဘယ်သူက သူတို့ကို ရပ်တန့်နိုင်မလဲ မသိတော့အောင်ပဲ။

အာဆင်နယ်က သူတို့ ရှိသလောက် အစွမ်းနဲ့ ချန်ပီယံလမ်းကြောင်းမှာ အတော် တောင့်ခံခဲ့သေးတာပါ။ တတိယ နေရာက နယူးကာဆယ် အသင်းက စီးတီးနောက် ၁၆ မှတ် အကွာမှာ ရှိနေတယ်။ တကယ်ကို မယုံနိုင်စရာ။

သူတို့ ဒီရာသီ ဖလား ၃ လုံး မယူနိုင်ရင်သာ ကျနော် တသသ ပြောနေမိမှာပဲ။ ဒီတပတ် ချယ်ဆီးနဲ့ ပွဲကတော့ သွားစရာ တစ်လမ်းပဲ ကျနော် မြင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 3-0 Chelsea

အခြား ပွဲစဉ်များအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ

  • Tottenham Hotspur 2-0 Brentford
  • Wolves 1-1 Everton
  • West Ham United 0-2 Leeds United
  • Fulham 3-2 Crystal Palace
  • Brighton 3-0 Southampton
  • Newcastle United 4-0 Leicester City