ဂန်းနားတို့ရဲ့ ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် ဘရန့်ဖို့ဒ်ကနေ အငှားခေါ်ထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာကို အာဆင်နယ်က ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အစ်ဝစ်ချ် တောင်း အသင်းထံ ချယ်ဆီးက အိုမာရီ ဟစ်ချင်ဆန်က ပေါင် ၂၂ သန်းနဲ့ ရောင်းချလိုက်ပြီး ကစားသမားရဲ့ ကလပ်ဟောင်း အာဆင်နယ်က ပြောင်းရွှေ့ကြေးရဲ့ ၁၅% ရရှိမယ် လို့ တရားဝင် အတည်ပြုလိုက်ပါပြီ။

ဘိုလော့ညာမှ အီတလီသား နောက်ခံလူ ရီကာဒို ကယ်လာဖီအိုရီ ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ လီဗာပူးတို့က မေးမြန်း စုံစမ်းထားကြောင်း သတင်းကြီးနေခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ လောက်ပဲ ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ ဘိုလော့ညာ နောက်ခံလူဟာ ချယ်ဆီးနဲ့ ဝက်စ်ဟမ်းတို့မှာ ကစားချင်ကြောင်း ၂၀၂၂ လောက်က အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုဖူးပါတယ်။

နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် နည်းပြ အာတီတာကို စာချုပ်သစ် သက်တမ်းတိုးဖို့ အာဆင်နယ်အသင်းက စတင် ဆွေးနွေးနေပါပြီ။

ဒီနှစ် အစောပိုင်းမှာ ဘာစီလိုနာဘက်က စိတ်ဝင်စားခြင်းခံခဲ့ရသေးပေမယ့် အာတီတာကတော့ အာဆင်နယ်မှာ ပျော်ရွှင်နေပါတယ်။

လိုကွန်ဂါ ကို ဆီဗီလာ အသင်းထံ ရောင်းချဖို့ အာဆင်နယ်အသင်းက မီးစိမ်းပြလိုက်ပြီး လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။