တနင်္သာရီတိုင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှာ နေထိုင်သူ အသက် ၅၀ ကျော် အမျိုးသမီးတယောက်ကို မျောက်ကျောက်ရောဂါသံသယလူနာအဖြစ် တွေ့ရှိခဲ့တာကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ တင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ပထမအပတ်ထဲမှာ မလေးရှားနိုင်ငံ ပီနန်မြို့ကနေ ပြန်လည်ရောက်ရှိလာတဲ့ အဆိုပါအမျိုးသမီးဟာ ဩဂုတ်လ နောက်ဆုံးအပတ်မှာ ဖျားနာပြီး စက်တင်ဘာ ၂ ရက်မှာတော့ မျောက်ကျောက်ရောဂါ (Mpox) လက္ခဏာနဲ့ ဆင်တူတဲ့ လက္ခဏာတွေ တွေ့ရှိခဲ့ရလို့ ပုဂ္ဂလိကဆေးရုံကနေတဆင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနကို ပို့ဆောင်ပြီး ကုသနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ မျောက်ကျောက်ရောဂါ ဟုတ်မဟုတ်ကိုတော့ ထားဝယ်မြို့ဆေးရုံကြီးရဲ့ တာဝန်ရှိသူတွေက အတည်ပြုထားတာ မရှိသလို နီးစပ်သူတွေကိုယ်တိုင်က ရေကျောက်လက္ခဏာနဲ့ ဆင်တူတဲ့အတွက် သေချာသိရှိထားတာ မရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးပတ်မှာ တနင်္သာရီတိုင်းထဲက မြိတ်၊ ထားဝယ်နဲ့ လောင်းလုံးမြို့တွေက ကလေးနဲ့ လူကြီးတချို့မှာ ရေကျောက်ရောဂါ ဖြစ်ပွားခဲ့တာရှိထားဖူးတာဖြစ်ပါတယ်။