ပြည်တွင်းဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေရာမှာ ဒီညပိုင်းကစပြီး ဒေါ်လာအရောင်းသမားတွေ ၁ ဒေါ်လာ ၅၀၀၀ ကျပ် ဝန်းကျင်တောင် မရတော့ကြောင်း ပြင်ပငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်ဩဂုတ်လတွင် တစ်ဒေါ်လာ ၇၁၀၀ အထိစံချိန်တင်မြင့်ခဲ့ရာမှ ယခုအ ခါ တစ်ဒေါ်လာ ၅၀၀၀ ဝန်းကျင် အထိ ထိုးကျခဲ့ပြီး တစ်ဒေါ်လာ ၂၀၀၀ ကျပ်နီးပါးအထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဗဟိုဘဏ်ကလည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့်စက်တင်ဘာ ၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ထိုင်းဘတ်သန်း ၈၀ ကို ထုတ်ရောင်းပေးခဲ့သလို၊ စက်တင်ဘာလ ၅ ရက်တွင် တစ်ဒေါ်လာ ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၉ ဒသမ ၈ သန်း ကျော်၊ တရုတ်ယွမ် ၄ သန်းနှင့် ထိုင်းဘတ် ၄၅ သန်းကျော်ကို နှစ်ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် FX Market Online Trading Platform မှတ ဆင့် ဒေါ်လာ ၁၉၃.၉ သန်းကို ရောင်းချပေးခဲ့ပြီဖြစ်သည်။
ထို့အတူ ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂၅၀၀ အောက် သို့ ပြန်ကျဆင်းလာမှုတို့ကြောင့် ပြည်တွင်းရွှေဈေး နှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၉ သိန်းအောက် သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။