ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ နီးပါး ထုတ်ရောင်းပြီးနောက် ဆက်တိုက်ပြန်ကျခဲ့တဲ့ ဒေါ်လာဈေးက တရက်အတွင်း တဒေါ်လာကို ကျပ် ၅၀၀ ကျပ်ဝန်းကျင် ပြန်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်မှာ ကျပ် ၇၀၀၀ ကျော်ထိ အမြင့်ဆုံးရှိခဲ့တဲ့ ဒေါ်လာငွေလဲနှုန်းက ဗဟိုဘဏ်က ဒေါ်လာ သန်းရာချီ ရောင်းချပေးခဲ့ ပြီးနောက်မှာ ဆက်တိုက်အကျ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက တဒေါ်လာကို ကျပ် ၅,၀၀၀ ဝန်းကျင်ထိ ပြန်ရောက်ခဲ့ပေမဲ့ ဒီက‌နေ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ကျပ် ၅,၅၀၀ ဝန်းကျင်ကို တရက်အတွင်း ထိုးတက်ခဲ့တာပါ။

ပြည်တွင်းရွှေဈေးကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ လယ်ပိုင်းက ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ တကျပ်သားကို ကျပ်သိန်း ၈၀ ကျော်ထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဒေါ်လာဈေးပြန်ကျ ချိန်မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၄ သိန်းဝန်းကျင်အထိ ပြန်ရောက်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒေါ်လာဈေးပြန်မြင့်တက်မှုနဲ့ အတူ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၈ သိန်းခွဲ ဝန်းကျင်အထိ ပြန်မြင့်တက်လာတယ်လို့ ပြင်ပ ရွှေဈေးကွက်အတွင်းက သိရပါတယ်။