ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထားကာ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transaction Law) ကို ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ အထက်ပါကိစ္စကို အစည်းအဝေး ပြုလုပ်ခဲ့ကြတာပါ။ ဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့တာလို့ သိရပြီး ယခုအချိန်မှာ အဋ္ဌမ(မူကြမ်း)အဆင့်ကို ရောက်ရှိခဲ့ပြီလို့လည်း သိရပါတယ်။

ဒီဥပဒေကို ရေးဆွဲရခြင်းဟာ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မယ့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် အသေးစား အငယ်စား MSME လုပ်ငန်းတွေရဲ့ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အပေါင်ပစ္စည်းတွေကို မှတ်ပုံတင်ထားခြင်းကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေဖို့၊ အာမခံအကျိုးခံစားခွင့်နဲ့ စပ်လျဉ်းတဲ့ အငြင်းပွားမှုတွေကို ဥပဒေအရ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်ရှိကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေအဖြစ် ရွှေငွေရတနာပစ္စည်းတွေ၊ မော်တော်ယာဉ်တွေ၊ ကုန်လှောင်ရုံပစ္စည်းများ၊ လက်ခံနိုင်သော ငွေစာရင်းများကို အပေါင်ထားမှုအချို့ ရှိနေကြောင်း သိရပါတယ်။

ဒီဥပဒေ အတည်ပြုပြီးမယ်ဆိုရင် လုပ်ငန်းတွေအနေနဲ့ ချေးငွေရရှိနိုင်မှု ပိုမိုလွယ်ကူမြန်ဆန်လာနိုင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမယ် မှန်းဆထားကြတာဖြစ်ပါတယ်။