ကြားရက်က ရှုံးပွဲ အပြီးမှာ အာဆင်နယ်က အမှတ်ပေးဇယား ဦးဆောင်သူ နေရာကို မန်စီးတီးထံ လွဲလိုက်ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းတွေ ရှိနေဆဲ လို့ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက သုံးသပ် ထောက်ပြလိုက်ပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်၊ ဘရန့်ဖို့ဒ်၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ရတဲ့ နောက်ဆုံး သုံးပွဲမှာ ၁မှတ် ပဲ ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ဟာ အဓိက ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာပဲ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။

မန်စီးတီးကတော့ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ တင်ကျန်နေဆဲ ဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲတွေရဲ့ ပြင်းထန်မှုဟာ ရာသီကုန်ပိုင်းမှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ကာရေဂါ က ” အာဆင်နယ်မှာ မြင်ခဲ့ရတဲ့ ကောင်းတဲ့ အချက်ကတော့ သူတို့ ပြာမနေတာပဲ။ မန်ချက်စတာစီးတီးသာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား အပေါ် အာရုံစိုက်လိုက်ရင် အာဆင်နယ်က ပရီးမီးယားလိဂ် ရသွားနိုင်တယ်လို့ ကျနော် ခံစားမိနေတယ်။ မန်စီးတီးက အဲဒီပြိုင်ပွဲ နှစ်ခုလုံးမှာ အနည်းဆုံး ဆီမီးဖိုင်နယ်ထိ ရောက်နိုင်တယ်။

အဲဒီလို အချိန် ရာသီကုန်ခါနီးမှာ မန်စီးတီးက ပွဲတွေ အများကြီး ကန်စရာ ရှိနေမယ်၊ အာဆင်နယ်က အမှတ်တူ ဒါမှမဟုတ် ၂ မှတ်လောက် ပြတ်နေရင်တောင် နောက်ဆုံး အချိန်မှ ချန်ပီယံ ဖြစ်သွားနိုင်ပါတယ် ” လို့ စီးတီးနဲ့ ပွဲ အပြီးမှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ အရှုံးရလဒ်တွေကနေ နိုးထပြီး ရလဒ်ကောင်းတွေကို ပုံမှန် ပြန်ယူမယ်ဆိုရင် မကြာခင် မန်စီးတီးရဲ့ အထက်ကို ပြန်တက်ဖို့ရာ ပွဲကျန်လို အခွင့်အရေးကလည်း ရှိနေသေးတာ ဖြစ်ပါတယ်။