မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘာစီလိုနာကို နူးကမ့်မှာ သွားရောက် ရင်ဆိုင်တဲ့ ပွဲဟာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့လို့ ယူနိုက်တက်နည်းပြ တန်ဟက်နဲ့ တိုက်စစ်မှူး ရက်ဖိုဒ့်တို့ စိတ်ပျက်နေကြပါတယ်။
ယူနိုက်တက်တို့ ၂-၁ ဖြင့် အနိုင်ရနေချိန်မှာ ရက်ဖိုဒ့်ဟာ ဘာစီလိုနာ ခံစစ်သမား ကွန်ဒီရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ရက်ဖိုဒ့်က ပင်နယ်တီ ရလိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရသလို ကွန်ဒီကလည်း ဘာပြစ်ဒဏ်မှ မရခဲ့ပါဘူး။
ပွဲအပြီး နည်းပြတန်ဟက်က ” ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပွဲအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ရက်ဖိုဒ့်ကို အရှင်းကြီး Foul လုပ်သွားတာပါ။ ဧရိယာ စည်းထဲမှာလား အပြင်မှာလား ဆွေးနွေးချင် ဆွေးနွေးကြပေါ့။ ဒါပေမယ့် အဲ့တာက အနီကဒ်ပါ၊ ဘာလို့လဲဆိုတော့ သူက ဂိုးသမားနဲ့ တစ်ယောက်ချင်း အနေအထား ဖြစ်မှာပါ။
ဒီဆုံးဖြတ်ချက်က အခုပွဲအတွက်တင် မဟုတ်ဘဲ နောက်အဆင့် တက်ဖို့အတွက်ပါ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ ဒိုင်တွေက အမှားကြီးတွေကို လုပ်မိတာပါပဲ ” လို့ ဝေဖန်ခဲ့တယ်။
ရက်ဖိုဒ့်ကလည်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘောမကျကြောင်းကို ” ပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ အဲ့ဖြစ်ရပ်ကို ပြန်မကြည့်ရသေးပေမယ့် စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်တို့က ကျနော်လဲချလိုက်တယ်လို့ ယူဆလိုက်တာကို နားမလည်နိုင်အောင်ပဲ။
ကွန်ဒီနဲ့ ထိတွေ့မှုဖြစ်ခဲ့တာပါ။ ကျနော် ခြေက ဘောလုံးကို ဦးထားခဲ့ပြီး သူက ခြေထောက်ကို ထိခဲ့တာမို့ ရှင်းလင်းတဲ့ ထိချက်ဖြစ်ပါတယ်။ အဲ့တာက ပင်နယ်တီတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျနော်ကို ပြစ်ဒဏ်လုပ်သွားတာ ရာနှုန်းပြည့် သေချာပါတယ်။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ နောက်တစ်ဆင့် တက်ဖို့ အဆုံးအဖြတ် အဖြစ် ဒုတိယအကျော့ ပွဲစဉ်ကို နောက်အပတ် ကြာသပတေးနေ့ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။