နည်းပြတန်ဟက်ဟာ ယူနိုက်တက်ကို ပြန်လည် တည်ဆောက်မှုတွေအတွက် ဦးဆောင်ပေးနေရာမှာ ရေရှည်ပလန်ဖြစ်တဲ့ ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာဖို့ မတိုင်ခင် ကနဦး ရည်မှန်းချက် အချို့ ရှိထားပါတယ်။
ရာသီစ တာထွက်ညံ့ခဲ့တဲ့ ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားအပြီး တောက်လျှောက် ခြေစွမ်းပြနေခဲ့ကာ ကာရာဘောင်း ဖိုင်နယ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်တစ်ခုထိ တက်လှမ်းလာနိုင်ခဲ့ပါပြီ။
တန်ဟက်က ” မန်ချက်စတာ ယူနိုက်တက်မှာ ကျနော် အဆင်ပြေပါတယ်၊ ပျော်နေပါတယ်။ ဒီမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေပြီး ကလပ်က အသင်းကြီးတစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ နှစ်အနည်းငယ် အောင်မြင်မှုတွေ နည်းပါးနေတာပေါ့။
အရင်ကလို အောင်မြင်တဲ့ နေရာတွေထံ ပြန်ရောက်နိုင်ရေး ယူနိုက်တက်မှာ အလားအလာကောင်းတွေ အများကြီး ရှိပါတယ်။ အသင်းကို လေ့ကျင့်ပေးတာတင် မဟုတ်ဘဲ ကလပ်ရဲ့ ယဉ်ကျေးမှုကို ပြန်ပြီး ဖော်ထုတ်ဖို့ဆိုတဲ့ စိန်ခေါ်မှု ရှိပါတယ်။ အောင်နိုင်ခြင်းဆိုင်ရာ ယဉ်ကျေးမှုပေါ့။ အဲ့တာက ကျနော်ရဲ့ ရည်မှန်းချက်ပါ။
ကျနော် ရည်မှန်းချက်ဆိုတာထက် ကျနော်တို့ရဲ့ ရည်မှန်းချက်လို့ ပြောရပါမယ်။ ကျနော်တို့ အတူတကွ လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်။ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာတဝန်း ပရိသတ် အများကြီးရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ကလပ်ပါ။ ကျနော်တို့ အောင်မြင်လိုပေမယ့် ဒါက ရေရှည်ပလန် ဖြစ်ပါတယ် ” လို့ သူက ပြောပါတယ်။
တန်ဟက်ရဲ့ ရည်မှန်းချက်က ယူနိုက်တက်မှာ အောင်နိုင်မှု စိတ်ဓါတ်တွေ ပြန်ထည့်သွင်းဖို့ဆိုရင် နောက်ထပ် ရည်မှန်းချက်တွေက ဘာတွေပါလဲ။ အဲ့တာကတော့ အသင်း လူစာရင်းကို ပြန်လည် တည်ဆောက်ဖို့နဲ့ ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းကို မြင့်တင်ပေးဖို့ ဖြစ်ပါတယ်။
” နေ့တိုင်းမှာ ကိုယ်ဘာသာတင် စိန်ခေါ်မှုတွေအတွက် မျှော်လင့်ထားတာ မဟုတ်ပါဘူး။ နည်းပြတွေနဲ့ အတူတကွလုပ်ဖို့ ကစားသမားတွေထံက အကောင်းဆုံးတွေ ရအောင် ကြိုးစားဖို့ ရည်မှန်းပါတယ်။
ကောင်းမွန်တဲ့ အသင်းကို တည်ဆောက်ပြီး ကစားသမားတွေရဲ့ အမြင့်ဆုံး လုပ်နိုင်စွမ်းကို ရလိုပါတယ်။ ဒီအတွက် ကျနော်တို့ ၂၄ နာရီ ၇ ရက်ပတ်လုံး ကြိုးစားနေပါတယ် ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။