ကိုဒီ ဂက်ပိုဟာ လီဗာပူး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကလော့ပ်က သူ့ရဲ့ အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်ခြင်း မရှိဘူးလို့ ယူဆခြင်း ခံနေရပါတယ်။
ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်သူ နယ်သာလန်သား ဗန်ဒါဗတ်က ဇန်နဝါရီမှာ ပီအက်စ်ဗီကနေ လီဗာပူးအသင်းကို ဂက်ပို ပြောင်းသွားတာကို မအံ့ဩပါဘူး။ ဒါပေမယ့် ကစားသမားဘဝ ဘယ်တောင်ပံ နေရာက အဓိက ကစားခဲ့သူကို အထောင်နေရာမှာ ထားတာက ခက်ခဲစေတယ်လို့ ယူဆနေပါတယ်။
ဗန်ဒါဗတ်က ပြောရာမှာ ” ဇန်နဝါရီမှာ လီဗာပူးတို့ ဂက်ပိုကို ခေါ်ယူခဲ့တာအတွက် ကျနော်တော့ မအံ့ဩပါဘူး။ ကမ္ဘာ့ဖလားမှာ သူက နယ်သာလန်အတွက် လုပ်ပေးခဲ့တာတွေကြောင့် ထိပ်တန်းကလပ် အများကြီးက သူ့ကို ခေါ်ယူဖို့ ဆွဲဆောင်မှု ဖြစ်ခဲ့တာပါ။
ဒါပေမယ့်လို့ ကစားသမားဘဝ တစ်လျှောက်လုံး ဘယ်တောင်ပံသမား အဖြစ် ကစားခဲ့သလို လက်ရွေးစင်အသင်းမှာ နံပါတ် ၁၀ နဲ့ နောက်ချန် တိုက်စစ်မှူး နေရာတွေက ကစားခဲ့သူကို ဘာလို့ တိုက်စစ်မှူးအဖြစ် သုံးနေရတာလဲ? သူက တိုက်စစ်မှူးမှ မဟုတ်ဘဲ။
ဂက်ပိုက ဘောလုံးကစားဖို့ နေရာလွတ် လိုအပ်သူပါ။ သူက ဘောလုံးနဲ့အတူ ပြေးလွှားခွင့်ရဖို့ လိုပါတယ်။ အဲ့တာက သူ အန္တရာယ် အကြီးဆုံး လုပ်ပြနိုင်တဲ့ နေရာပါပဲ။ အဲ့ကိစ္စက လီဗာပူးမှာ သူအတွက် အရေးကြီးဆုံး ဖြစ်နေပါတယ်။
ဘာလို့ သူ့ကို နံပါတ် ၉ နေရာ သုံးနေရတာလဲ သူက ဘယ်တောင်ပံသမားပါ၊ တောင်ပံကနေ အတွင်းကို ချိုးဝင်ဖို့ လိုအပ်ပြီး အဲ့တာက သူ အန္တရာယ် အပေးနိုင်ဆုံး နေရာပါ ” လို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းမှာ တိုက်စစ်သမား ၆ ဦးထိ ရှိနေပြီး စိတ်ဝင်စားစရာက ဂက်ပို၊ ဒါဝင်၊ ဂျိုတာနဲ့ ဒီယက်ဇ်တို့ဟာ ဘယ်တောင်ပံနေရာမှာ ကစားနိုင်ကြတာပါ။ အနာဂတ်မှာ ဘယ်လို ရွေးချယ်မှု ပြုလုပ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ဒါဝင်နဲ့ ဂျိုတာတို့က နံပါတ် ၉ နေရာတွေကိုလည်း ကစားနိုင်တာပဲ ဖြစ်ပါတယ်။