စူပါကွန်ပျူတာ ကတော့ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ အရင် အပတ်တွေက တွက်ထုတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပွဲတွေ အပြီးမှာ ခန့်မှန်းချက် ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။

နောက်ဆုံး ကစားတဲ့ ပွဲမှာ အာဆင်နယ်က လီဗာပူးနဲ့ သရေကျသွားခဲ့တာကြောင့် အမှတ်ပေးဇယားမှာ မန်စီးတီး ထက် တစ်ပွဲ ပို ကစား၊ ၆ မှတ် ကွာဟမှုသာ ရှိပါတော့တယ်။ ပွဲကျန်တွေထဲမှာ စီးတီးနဲ့ ကန်ရမယ့် ပွဲလည်း ရှိနေတာကြောင့် ဂန်းနားတို့မှာ ဖိအားတွေ ရှိလာပါပြီ။

အချက်အလက်တွေ အခြေခံ တွက်ထုတ်တဲ့ FiveThirtyEight ရဲ့ စူပါကွန်ပျူတာကတော့ ဧပြီ ၁၁ ရက်နေ့က update လုပ်လိုက်တဲ့ ရာသီကုန် ခန့်မှန်းဇယားမှာ ချန်ပီယံက မန်စီးတီး ဖြစ်မယ်လို့ ဆိုလာခဲ့ပါတယ်။

စူပါကွန်ပျူတာရဲ့ ရာသီကုန် ခန့်မှန်းဇယားက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံ ဖြစ်ဖို့ ၆၀% ရှိလာပြီး အာဆင်နယ်ကတော့ ၄၀% ပါ။ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန် ၂ နေရာကမှာ နယူးကာဆယ်က အဆင့် ၃၊ မန်ချက်စတာ ယူနိုက်တက်ကို အဆင့် ၄ လို့ ဆိုထားပါတယ်။

တော့တင်ဟမ် စပါးနဲ့ လီဗာပူးကိုတော့ ယူရိုပါလိဂ် ဝင်ခွင့်တွေ ရမယ်လို့ ဆိုထားပြီး လက်စတာ၊ ဖောရက်စ်နဲ့ ဆောက်သမ်တန်တို့ ၃သင်းကို တန်းဆင်း အသင်းတွေ အဖြစ် ဖော်ပြထားပါတယ်။