ပြီးခဲ့တဲ့ ရက်ပိုင်းက မန်စီးတီးကို ၃-၀ နဲ့ အရေးနိမ့်တဲ့ပွဲအပြီး ဘိုင်ယန် အဝတ်လဲခန်းထဲမှာ တိုက်စစ်သမားတွေ ဖြစ်တဲ့ မာနေးနဲ့ ဆာနေးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။

အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပကျော့ ပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၅၆% ထိ ရှိခဲ့ပြီး ဒါဟာ ဂွာဒီယိုလာ တာဝန်ယူတဲ့နောက်ပိုင်း မန်စီးတီးက ပြိုင်ဘက်တစ်သင်းကို ဘောလုံး ပိုင်ဆိုင်မှု အမြင့်ဆုံး ပေးရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့် အရေးနိမ့်ခဲ့ပါတယ်။

ထိုပွဲအပြီးမှာ နည်းပြက ပွဲပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အဝေးမှာ ရှိနေစဉ် ကွင်းထဲမှာ အဆင်မပြေဖြစ်ထားတဲ့ မာနေးနဲ့ ဆာနေးတို့ဟာ အဝတ်လဲခန်းမှာ ဆက်ပြီး စကားများခဲ့ကြတယ်။ မာနေးက သူ့အပေါ် ဆာနေးရဲ့ စကားပြောဆို ဆက်ဆံတဲ့ ပုံစံကို မပျော်နိုင်ခဲ့ပါဘူး။

အဝတ်လဲခန်းထဲ ရောက်လာချိန်မှာ မာနေးက ဆာနေးထံ တိုက်ရိုက်သွားပြီး ရုတ်တရတ် ထိုးနှက်ခဲ့ကာ မျက်နှာပိုင်းကို ထိုးမိခဲ့တယ်လို့ သိရတယ်။ အသင်းဖော်တွေက သူတို့ကို ဝိုင်းဆွဲခဲ့ကြပြီး ဆာနေးကို အပြင်ဘက် ထွက်ခိုင်းကာ လူစု ခွဲပေးခဲ့ပါတယ်။

ဆာနေးရဲ့ မျက်နှာမှာ လက်သီးနဲ့ထိုးခံရလို့ ပေါက်ပြဲမှုတွေ ရှိခဲ့ပြီး အဲ့လောက်ထိ ဖြစ်ရအောင် မာနေး ဘာတွေ ဒေါသထွက်ခဲ့တာလဲ ဆိုတာတော့ မသိရသေးပါဘူး။ ပွဲထဲမှာတော့ သူတို့နှစ်ဦး စကားများ ငြင်းခုံနေကြတာမျိုး မြင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် မာနေးဟာ ဘိုင်ယန်မြူးနစ် အသင်း ပွဲကစားမယ့် လူစာရင်းကနေ ဖယ်ထုတ်ခံလိုက်ရပြီး အနာဂတ် အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

သတင်းတွေ အရ ဘိုင်ယန် ကစားသမားတွေဟာ မာနေးကို မလိုလားတာကြောင့် လာမယ့်နွေမှာတင် ဆီနီဂေါသား ရောင်းထုတ်ခံရဖွယ် ရှိနေပြီ လို့ သိရပါတယ်။ ဒီနွေမှာ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပေါင် ၃၅ သန်းဖြင့် ပြောင်းပြီးတည်းက မာနေးဟာ ခက်ခဲတဲ့ ရုန်းကန်ရမှုတွေ ရင်ဆိုင်နေရပါတယ်။