ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းဟာ လာမယ့်နွေ ဈေးကွက်မှာ ဆာဒီယို မာနေးကို ရောင်းထုတ်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမယ်လို့ သိရပါတယ်။
စကိုင်းစပေါ့ ဂျာမနီ မှ Florian Plettenberg အဆိုအရ ဘိုင်ယန်မြူးနစ်ဟာ မာနေးကို ခေါ်ယူခဲ့တာက သူတို့ရဲ့ အကြီးမားဆုံးသော မှားယွင်းမှုလို့ ယူဆနေတယ်လို့ သိရတယ်။
ဒါဟာ ဆာနေးနဲ့ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့်တင် မဟုတ်ဘဲ ကစားသမားရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း အများကြီး သက်ဆိုင်ပါတယ်။ Plettenberg ရဲ့ ပြောပြလာမှုအရ “ ကစားသမားက အရမ်းကို အကဲဆတ်လွန်းတယ် ” ဆိုပြီး ဘိုင်ယန်ဘက်က မြင်ပါတယ်။
ဒါ့အပြင် “ မာနေးမှာ အမွှာညီအကို ရှိပြီး ဘိုင်ယန်မြူးနစ်က လီဗာပူးက မဟုတ်တဲ့ အခြားတစ်ယောက်ကို လက်မှတ် ထိုးမိခဲ့တာ ” လို့ နောက်ပြောင်မှုတွေပါ ရှိထားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၂ နွေဈေးကွက်မှာ လီဗာပူးကနေ ပေါင် ၃၅ သန်းထိ ရောက်မယ့် ပြောင်းရွှေ့ကြေးနဲ့ မာနေးကို ခေါ်ယူခဲ့သလို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ထိ ပေးချေနေရတာပါ။ လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓါတ်ပိုင်းအရ ဒါဟာ မှားယွင်းမှုလို့ ဘိုင်ယန်ဘက်က ယုံကြည်နေပါတယ်။
ဘိုင်ယန်ဘက်က မာနေးကို ရှင်းထုတ်မှာဖြစ်သလို သူကလည်း လီဗာပူးထံ ပြန်လိုစိတ် ရှိပေမယ့် လီဗာပူးက သူ့ကို ပြန်ခေါ်ဖို့ မရှိဘူးလို့ ဂျာမာန်သတင်းတွေက ဆိုတယ်။
လီဗာပူး နည်းပြ ကလော့ပ်ဟာ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို့တို့နဲ့အတူ တိုက်စစ်ပုံစံသစ် တည်ဆောက်ဖို့ အတော်လေး ပြင်ဆင်ထားပြီမို့ ဖာမင်နိုကိုတောင် လက်လွတ်သွားမှာ ဖြစ်ပါတယ်။
မာနေးရဲ့ လုပ်ခကို တတ်နိုင်မယ့် ဥရောပကလပ်တွေ အများကြီး မရှိပါဘူး။ ဒါကြောင့် ဘိုင်ယန်က မာနေးကို ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ချိတ်ဆက်ပေးဖွယ် ရှိပေမယ့် လီဗာပူးကတော့ ဒီပြိုင်ဆိုင်မှုအတွင်း ပါဝင်လာဖွယ် မရှိဘူးလို့ သိရပါတယ်။