ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြီးဆုံးခဲ့တဲ့နောက် နာမည်ကျော် FiveThirtyEight ရဲ့ စူပါကွန်ပျူတာ နောက်ဆုံးထွက် တွက်ချက်မှုတွေ ဒီနေ့မှာ ထပ်မံ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေမှာ အာဆင်နယ်က တောက်လျှောက် အသားစီးရနေခဲ့ကာ အမြင့်ဆုံးအဖြစ် ချန်ပီယံဖြစ်နိုင်ချေ ၅၅% ထိ ရှိခဲ့ဖူးတာပါ။ ဒါပေမယ့်လို့ လီဗာပူး၊ ဝက်စ်ဟမ်း ပွဲတွေကို ဆက်တိုက် သရေကျ အမှတ်လျော့ခဲ့တဲ့နောက် အာဆင်နယ်ရဲ့ ရေပန်းစားမှုဟာ အတော်လေး ကျဆင်းလာပါတယ်။

အခု နောက်ဆုံးထွက်ထားတဲ့ တွက်ချက်မှုမှာတော့ အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေက ၃၄% ထိ ကျဆင်းသွားခဲ့ကာ မန်စီးတီးက ၆၆% ဖြင့် ပြတ်ပြတ်သားသား ကျော်တက်သွားပါပြီ။ စူပါကွန်ပျူတာကတော့ ရာသီကုန်ရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်းက မန်စီးတီးပါလို့ ဖော်ပြလာနေပြီ ဖြစ်ပါတယ်။

ဧပြီ ၁၆ ရက်နေ့ ညက ထုတ်ပြန်လိုက်တဲ့ စူပါကွန်ပျူတာရဲ့ နောက်ဆုံး ထွက် ဇယားက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ လက်ကျန် ပွဲတွေမှာ မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်၊ လန်ဒန်ဒါဘီ ချယ်ဆီးနဲ့ပွဲစဉ်၊ အမြင့်ပျံသန်းနေတဲ့ ငှက်ကျားတွေနဲ့ပွဲစဉ်၊ ဘရိုက်တန်နဲ့ ပွဲစဉ်တို့ ပါဝင်ပါတယ်။ ဒီပွဲတွေဟာ အာဆင်နယ်ရဲ့ ရာသီကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။

အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲကလွဲရင် မန်စီးတီးရဲ့ အခက်ခဲဆုံးပွဲတွေဆိုလို့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ အဝေးကွင်း ပွဲလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဆိုပါ နှစ်သင်းဟာ ဒီရာသီမှာ အတော်လေး ခြေစွမ်းကောင်းနေတဲ့ အသင်းတွေဖြစ်ပြီး မန်စီးတီး အမှတ်လျော့အောင် ဒုက္ခပေးနိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်။

စူပါကွန်ပျူတာက တွက်ချက်ထားတဲ့ ထိပ်ဆုံး ၄ သင်းကတော့ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ နယူးကာဆယ် တို့ ဖြစ်ပါတယ်။ လာမယ့်ရာသီ ယူရိုပါလိဂ် ၂ နေရာစာကိုတော့ ဘရိုက်တန်နဲ့ လီဗာပူးတို့ ရမယ်လို့ တွက်ချက် ဖော်ပြသွားပါတယ်။