ချယ်ဆီးအသင်းဟာ မနေ့ ညက စတန်းဖို့ဘရစ်ချ်မှာ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရာ ပထမ အကျော့က ရှုံးပွဲကို မချေပနိုင်တဲ့ အပြင် တစ်ဂိုးမှ ပြန်မသွင်းနိုင်ဘဲ ၂-ဝ နဲ့ ထပ်မံ အရေးနိမ့်ခဲ့ပါတယ်။
ချယ်ဆီး ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး ဒရော့ဘာကတော့ သူ့ အသင်းဟောင်းရဲ့ ပုံစံကို သူတောင် မမှတ်မိအောင် ဖြစ်နေရပြီလို့ မချိတင်ကဲ ဆိုခဲ့ပါတယ်။
” ကိုယ့်အသင်းတောင် ကိုယ် မမှတ်မိတော့အောင်ပဲ၊ ဒါက ချယ်ဆီး အသင်း မဟုတ်တော့ပါဘူး။ ပိုင်ရှင် အသစ် ရောက်လာသလို အသင်းက အမြင်သစ်တွေနဲ့ သွားနေတာ ဟုတ်ပါတယ်။
အေဗရာမိုဗစ်ချ် ခေတ်မှာ ကစားသမားတွေ အများကြီး ဝယ်ခဲ့တာပဲ ဆိုပြီး နှိုင်းယှဉ်ပြောဆိုကြတာ ကျနော် သိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဆုံးဖြတ်ချက်တွေက သိပ်ကို ပါးနပ်မှန်ကန်ခဲ့တာ။
ပီတာချက်၊ ရှက်ဖ်ချန်ကို၊ ခရက်စ်ပို၊ အဲရစ်ဆန်၊ ဒရော့ဘာ၊ မာလူဒါ စတဲ့ ကစားသမားတွေကို ခေါ်ခဲ့တာ။ တကယ် လည်း ဆုဖလားတွေ ရယူနိုင်ခဲ့တယ်။ အဲဒီ ကစားသမားတွေမှာ အတွေ့အကြုံကောင်းတွေ ရှိပြီးသား။
အခု ဗျူဟာကတော့ ကွဲပြားသွားပြီ။ ကျနော်တို့က ငယ်ရွယ်တဲ့ ကစားသမားတွေ အပေါ် ပုံပြီး ယုံထားရတာ။ ဒါပေမယ့် ကစားသမား အယောက် ၃ဝ ကျော်တဲ့ အဝတ်လဲခန်းကို ကိုင်တွယ်ရတဲ့ မန်နေဂျာ အတွက်တော့ ခက်ခဲသွားပြီ။ ” လို့ ဒရော့ဘာက မှတ်ချက်ပြု ခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၁ မှာသာ ရှိနေသလို ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲ ၂ခုလုံးကနေလည်း ထွက်ထားရပြီး ဖြစ်ပါတယ်။
ဒါဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလေရဲ့ ပထမရာသီ ပေါင် သန်း ၆ဝဝ ထိ သုံးကာ ကစားသမား ခေါ်ယူမှုတွေ လုပ်ခဲ့ပေမယ့် ပြန်ရခဲ့တဲ့ အကျည်းတန် ရလဒ်တွေပဲ ဖြစ်ပါတယ်။