ဒီနေ့ ကြာသပတေးနေ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆီဗီလာနဲ့ ကန်မယ့် ယူရိုပါလိဂ် ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် အပါအဝင် အသင်းသား ၄ဦး ပါဝင် လေ့ကျင့်ခဲ့ကြတာကြောင့် နည်းပြ တန်ဟက် အားတက်စရာ ဖြစ်လာပါတယ်။
ယူနိုက်တက်ရဲ့ ဒီရာသီ သွင်းဂိုး အများဆုံး တိုက်စစ်မှုးဟာ အဲဗာတန်နဲ့ ပွဲမှာ ရသွားတဲ့ ပေါင်ခြံ ဒဏ်ရာကြောင့် ဒီတလော ယူနိုက်တက် ပွဲ ၂ ပွဲမှာ မပါဝင်နိုင်ဘဲ လွဲချော်နေခဲ့တာပါ။ ဒါပေမယ့် အရေးကြီး ဆီဗီလာနဲ့ ပွဲစဉ်မှာတော့ ပြန်ပါဝင် နိုင်တော့မှာပါ။
ဆီဗီလာနဲ့ ယူနိုက်တက်ရဲ့ ပထမ အကျော့ ပွဲဟာ အိုးထရက်ဖို့ဒ်မှာ ၂-၂ နဲ့သာ သရေကျခဲ့တာကြောင့် မနက်ဖြန် ည ကစားမယ့် စပိန်မြေက ပွဲဟာ ဆီမီးဖိုင်နယ် ဘယ်အသင်းတက်မလဲ အဆုံးအဖြတ် ဖြစ်လာပါမယ်။
ရက်ဖို့ဒ် အပြင် ပြီးခဲ့တဲ့ ၃ ပွဲလုံး မပါဝင်ခဲ့တဲ့ လုခ်ရှောကလည်း ထရိန်နင်မှာ ပြန် ပါလာခဲ့သလို ဖောရက်စ်နဲ့ ပွဲ မတိုင်ခင်မှာ နာသွားတဲ့ ဆာဘစ်ဇာလည်း လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ။
ဒါ့အပြင် ဒဏ်ရာကြောင့် အရင်ပွဲလွဲထားတဲ့ မာလာစီယာ လည်း ဗုဒ္ဓဟူးနေ့က ယူနိုက်တက် ထရိန်နင်မှာ ပါဝင်ခဲ့ပါတယ်။
ဒီတလော သီတင်းပတ်တွေ အတွင်းမှာ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်း များစွာ တိုးလာတာကြောင့် နည်းပြ တန်ဟက် အတော် စိတ်ပျက်နေခဲ့ရပါတယ်။ အဓိက ဗဟိုခံစစ်မှုးတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရိန်းဟာ ရသီကုန်ထိ လွဲချော်ကြဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖောရက်စ်နဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ဒဏ်ရာ ရ ကစားသမား ၁ဝ ဦးထိ ရှိနေခဲ့တာ ဖြစ်ပြီး ဒီအပတ်မှာ ရက်ဖို့ဒ် အပါအဝင် အသင်းသား တချို့ ပြန်လာနိုင်တာက အဆိုးထဲက သတင်းကောင်း ဖြစ်လာပါတယ်။
ဒီကြားရက် ဆီဗီလာနဲ့ ပွဲ ပြီးရင် ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ အဖြစ် ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားရဖို့လည်း ရှိနေပါတယ်။