မန်စီးတီးအသင်းဟာ မနေ့ညက ဝင်ဘာလေမှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားသွားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ပေးဂိုး လုံးဝ မရှိဘဲ ၃-၀ နဲ့ ဂိုးပြတ် နိုင်ကာ ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းလာသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် ထိ ရောက်ထားပြီး ရေပန်းစား အသင်း ဖြစ်နေပါတယ်။ ညက နိုင်ပွဲ အပြီး အင်တာဗျူးမှာတော့ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက မြို့ခံ ပြိုင်ဘက် မန်ယူကိုရော ယခင်နှစ်တွေ အဓိက ပြိုင်ဘက် ဖြစ်ခဲ့တဲ့ လီဗာပူး ကိုပါ ကျီစယ် သွားခဲ့ပါတယ်။

စီးတီးရဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တချို့က စီးတီး ဖလား ၃လုံး ရသွားမှာ စိုးရိမ်နေကြလောက်ပြီလား ဆိုတဲ့ အမေး အပေါ် ဂွာဒီယိုလာ က –

” ယူနိုက်တက် ပရိသတ်တွေ ((စီးတီး ဖလား၃လုံး ရသွားမှာကို) သိပ် ပူပင်နေဖို့ မလိုပါဘူး။ ကျနော်တို့က အိမ်နီးချင်းတွေပဲဗျာ.. ဟုတ်တယ်မလား ” လို့ ရယ်မောရင်း ကျီစယ်စကား ဆိုခဲ့ပါတယ်။

ဒါ့အပြင် တစ်ရာသီ အောင်မြင် ဖလားရပြီး နောက်ရာသီတွေ ပြန်ကျဆင်းတာမျိုး သူ မကြိုက်ကြောင်းကိုလည်း လီဗာပူး အား ကပ်တိုးလေး သဘောနဲ့ ပါးပါးပုတ်သွားခဲ့ပါတယ်။

” ကျနော် အထင်ကြီးမိတာက ဒီကလပ်အသင်းမှာ အကြီးအကဲတွေ၊ ဝန်ထမ်းတွေက အစ ဆုဖလားတွေကို နိုင်ပြီးရင်း နိုင်လိုကြတာပါ။ ဒါကို မန်နေဂျာ တစ်ယောက် အနေနဲ့ ကျနော် ဂုဏ် အယူရဆုံးပဲ။

တစ်နှစ် လုပ်ပြနိုင်တယ်။ ကျနော်က ချန်ပီယံလိဂ် ဒီနှစ် ရ၊ နောက်နှစ် အောက်ဆုံးထိ ရောက်သွားတာမျိုး မလိုချင်ဘူး။ ဒီကလပ်အသင်းက သိပ်ကို တည်ငြိမ်ပါတယ်။ ဖလားတွေ ရနေလို့လည်း ကျနော် ဒီမှာ ရှိနေတာပါ၊ မဟုတ်ရင် ဘယ်ရှိမလဲ။

အခု နောက်ဆုံး သီတင်းပတ် ၇ ပတ် ကျန်ချိန်မှာ ဆုဖလားတွေ အကြီးဆုံး ဖလားတွေကို ကျနော်တို့ ရယူဖို့ ကြိုးစား တိုက်ပွဲ ဝင်နေတုန်းပဲ။ ဒါကပဲ အသင်းအတွက် အရေးကြီးဆုံး ဆုဖလား တစ်ခုပါ။ ” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။