ချယ်ဆီးအသင်း ရဲ့ နည်းပြသစ် ရှာပုံတော်က ယခင် ထိပ်တန်း ပုဂ္ဂိုလ် ၇ ဦးလောက်နဲ့ ချိတ်ဆက်ခဲ့ရာကနေ သီတင်းပတ်တွေအတွင်းမှာပဲ ဆန်ကာတင် သုံးယောက်သာ ကျန်တော့ပြီး သူတို့တွေထဲမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
ချယ်ဆီးအသင်း ပစ်မှတ်တွေထဲမှာ ပိုချက်တီနို အပြင် ဗင်းဆင့်ကွန်ပနီနဲ့ တခြားသော အမည်မသိရတဲ့ နည်းပြ တစ်ယောက်ပဲ ဆန်ကာတင်ထဲ ကျန်ရှိနေပါတယ်။ ကွန်ပနီရဲ့ နည်းပြအတွေ့အကြုံ နည်းပါးမှုအပေါ် ချယ်ဆီးပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။
စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ ချယ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီဖြစ်ပြီး အကြိမ်တိုင်းမှာ အထင်ကြီးစရာ ရှိခဲ့ပြီး အခြေအနေ ကောင်းနေပါတယ်။ ပေါ်တာကို ထုတ်ပယ်ပြီးနောက် ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ နာဂယ်စ်မန်းကတော့ ချယ်ဆီးနဲ့ စကားပြောပြီးနောက်မှာ မန်နေဂျာလောင်း စာရင်းထဲ မရှိတော့ပါဘူး။
ဂျာမန်သားဟာ ထပ်ခါထပ်ခါ အင်တာဗျူးတွေကို သဘောမတွေ့ဖြစ်နေပြီး ချယ်ဆီး တာဝန်ရှိသူတွေနဲ့ ပြောဆိုမှုတွေ အတွင်း နှစ်ဖက်ကြားမှာ သဘောထားကွဲလွဲမှု တိုးလာပြီး သူကိုယ်တိုင် နောက်ဆုတန်သွားခဲ့တာ ဖြစ်ပါတယ်။
နာဂယ်စ်မန်းဟာ သူ့ရဲ့ အနေအထားအပေါ်မှာ သံသယတွေ ရှိခဲ့ကာ ချယ်ဆီးမှာ ဘာလုပ်ချင်တယ် ဆိုပြီး သေချာတဲ့ ဦးတည်ချက် မရှိဘူးလို့ ခံစားမိနေခဲ့တယ်လို့ သိရပါတယ်။ သူကတော့ ဦးတည်ချက်ပေါင်းစုံနဲ့ အမြင်အမျိုးမျိုး ကွဲပြားနေသူ လူပေါင်း ၂၀ လောက် ရှိနေခြင်း မဟုတ်ဘဲ တိကျသေချာတဲ့ စီမံကိန်းရှိတဲ့ နေရာမျိုးကို နှစ်သက်တာ ဖြစ်ပါတယ်။
ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ကလည်း လန်ဒန်ထိ လာပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ အင်းနရစ် ဘက်က လမ်းပတ်ကို ယာယီမခန့်ခင်ကတင် တခါတည်း တာဝန်ယူဖို့ အသင့် ဖြစ်ခဲ့ပေမယ့် ချယ်ဆီးဘက်က တွေဝေနေခဲ့ပါတယ်။
လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ စပါးတို့ဟာ ရေရှည်နည်းပြသစ်ကို အပြိုင်အဆိုင် ရှာဖွေနေကြတာဖြစ်ပြီး ဒေတာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေအရ ချယ်ဆီးအသင်း ဦးစားပေး ခေါ်ယူသင့်တဲ့လူက ပိုချက်တီနို ဖြစ်ပါတယ်။ ချယ်ဆီး ပရိသတ်တွေကတော့ ခါးသီးတဲ့ မြို့ခံ ပြိုင်ဘက်အသင်း နည်းပြဟောင်း ဖြစ်တာကြောင့် သိပ် သဘောမတွေ့ကြပါဘူး။
ဒါပေမယ့် ချယ်ဆီး တာဝန်ရှိသူတွေဟာ လက်ကျန် ဆန်ကာတင် သုံးယောက်ကို အညီအမျှ ဆက်ဆံဖို့ ဆုံးဖြတ်ထားဆဲ ဖြစ်တယ်လို့ သိရ ပါတယ်။