ဥရောပပြိုင်ပွဲဝင်ခွင့် စိန်ခေါ်မှုအတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် ဒီအပတ် တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ရမှာအပေါ် အက်စ်တွန်ဗီလာနည်းပြ အူနိုင်း အမ်မရီက အတော်လေး သဘောကျနေပါတယ်။

လက်ရှိမှာ ဗီလာဟာ အဆင့် ၅ နေရာမှာ ရှိနေတာဖြစ်ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်လို့ ရနေတာပါ။ ဗီလာရဲ့ မယုံနိုင်စရာ ပုံစံကောင်းတွေကြောင့် အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲရရင် ထိပ်ဆုံးလေးနေရာကိုတောင် စိန်ခေါ်နိုင်ပြီလို့ ဗီလာပရိသတ်တွေက ယုံကြည်လာကြပြီ ဖြစ်ပါတယ်။

အမ်မရီဟာ တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ အနေအထားမှာ ဗီလာကို ကိုင်တွယ်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲဝင်ခွင့် စိန်ခေါ်နိုင်တဲ့အထိ မြင့်တက်လာစေခဲ့တာပါ။ သူ့ရဲ့ ခြေစွာနေတဲ့ အသင်းဟာ အခုချိန်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ စပိန်သားက ယူဆထားပါတယ်။

“ ကျွန်တော်က ဖိအားတွေအောက်မှာ ကစားရတာကို ကြိုက်တယ်။ ဖိအားကြီးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့မှာ ဆုံးရှုံးစရာ တစ်ခုခု ရှိနေလို့ပေါ့။ ကျွန်တော်တော့ အဓိက ပွဲကြီးတွေကို ကစားရတာ ကြိုက်ပါတယ်။

ဖူလ်ဟမ်ပွဲကို ပြန်သုံးသပ်ပြီး ယူနိုက်တက်အတွက် ပြင်ဆင်သွားမှာပါ။ တနင်္ဂနွေနေ့ပွဲ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမယ့် ပွဲအတွက် အခုထဲက မျှော်လင့်နေပါပြီ။

အခုလိုမျိုး ဥရောပဝင်ခွင့် နေရာအတွက် အလားအလာရှိပြီး ရည်မှန်းချက် တစ်ခုအတွက် ကစားရတာက သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီလိုအချိန်မှာ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲ သွားကစားရတာ သိပ်ကောင်းတဲ့ အခိုက်အတန့်လို့ ထင်မိတယ် ” ဆိုပြီး အမ်မရီက ပြောဆိုခဲ့ပါတယ်။