ဝက်စ်ဟမ်းကို လီဗာပူးအသင်း အနိုင်ရတဲ့ လန်ဒန်ကွင်းကပွဲမှာ ဂျာနယ်လစ်တွေက လီဗာပူးပွဲရလဒ်ကို အာရုံစိုက်ဖို့ထက် သူတို့ရဲ့ စမတ်ဖုန်း၊ ipad နဲ့ laptop တွေပေါ်မှာပဲ စူးစိုက်ကြည့်နေခဲ့ပါတယ်။

အဲ့ဒီ့ညမှာ လူတိုင်းရဲ့ စိတ်ဝင်စားမှုက လီဗာပူးပွဲ မဟုတ်ဘဲ မန်စီးတီးက အာဆင်နယ်ကို ၃ ဂိုးအသာဖြင့် အနိုင်ရခဲ့တဲ့ ပွဲကောင်းပဲ ဖြစ်ပါတယ်။ ဟာလန်းနဲ့ ဒီဘရိုင်းတို့အကြောင်းတွေက သတင်းချန်နယ်တွေမှာ တောက်လျှောက်တက်နေခဲ့တယ်။ ကောင်းလိုက်တဲ့နိုင်ပွဲ.. ဖလားပြိုင်ပွဲက အဖြေပေါ်သွားပြီလား.. စသဖြင့်ပါ။

နှစ်တိုင်းမှာ အရေးအပါဆုံး ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်နေခဲ့ပြီး ပွဲမတိုင်ခင်ထဲက သုံးသပ်ချက်တွေ များစွာ ဖော်ပြခံရတဲ့ လီဗာပူးအသင်းသားတွေ ဒီရာသီမှာ ပြိုင်ဘက်တွေရဲ့ တောက်ပမှုကို ထိုင်ကြည့်နေရတဲ့ ခံစားချက်က ဘယ်လိုဖြစ်မလဲ? မနာလိုဖြစ်နေလား? ဆိုတာကို ဒေးလီးမေလ်းက ဗန်ဒိုက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ ဟင့်အင်း.. ဘာလို့ဖြစ်ရမှာလဲ.. ကျွန်တော်တို့လည်း ကိုယ်ပိုင် တိုက်ပွဲကြီး တစ်ခုကို တိုက်နေရတာပါပဲ။ ဒါကြောင့် တခြားသူတွေကို စိတ်ဝင်စားဖို့ မအားပါဘူး ” လို့ ဗန်ဒိုက်က တုန့်ပြန်ပါတယ်။

လီဗာပူးရဲ့ တိုက်ပွဲက မန်စီးတီးလို ဆုဖလားတွေ မဟုတ်တော့ဘဲ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဒါမှမဟုတ် ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က သူတို့ အောင်မြင်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ရဖို့က သူတို့လက်ထဲမှာ မရှိတော့တာကိုလည်း ဗန်ဒိုက်က သိပါတယ်။

“ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးကြီးတဲ့ကိစ္စပါ။ ကံကြမ္မာက ကျွန်တော်တို့ လက်ထဲမှာ မရှိနေဘူးဆိုတာ လူတိုင်း နားလည်ထားပါတယ်။ ဘောလုံးရာသီက မပြီးသေးတာကြောင့် နောက်လာမယ့်ပွဲတွေ အကြောင်း မစဉ်းစားနိုင်သေးပါဘူး။ ရှေ့မှာတွေ့ရမယ့် တစ်ပွဲအကြောင်းပဲ စဉ်းစားနိုင်ပါသေးတယ် ” လို့ ဗန်ဒိုက်က ဆက်ပြောခဲ့တာပဲ ဖြစ်ပါတယ်။