တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ချန်ပီယံလိဂ် ဝင်ခွင့် သေချာရဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် အသင်းတို့ဟာ ရှုံးပွဲ ကိုယ်စီ တွေ့ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲ အပြီးမှာ ယူနိုက်တက်က အဆင့် ၅ နေရာမှ တစ်ပွဲပို ကစားထားတဲ့ လီဗာပူးနဲ့ တစ်မှတ် အကွာမှာ ရှိနေတာကြောင့် လက်ကျန်ပွဲတွေမှာ အမှားခံလို့ မရသေးတဲ့ အနေအထား ဖြစ်လာပါတယ်။

သရဲနီ ခံစစ်မှူးဟောင်း ဖာဒီနန်ကတော့ လီဗာပူးအသင်း နိုင်ပွဲတွေ ဆက်တိုက် ရယူနေရင်တောင် ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ယူနိုင်ဖို့တော့ မဖြစ်နိုင်ဘူး ယူဆထားပါတယ်။

အကြောင်းကတော့ တန်ဟက်ရဲ့ အသင်းဟာ လက်ကျန်ပွဲ အများစုကို အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ကစားရမှာ ဖြစ်ခြင်းကြောင့်ပါပဲ။

ဖာဒီနန်က ” မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေက ပွဲစဉ်ဇယားကို ကြည့်မိကြမှာပါ၊ လက်ကျန် ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲက အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ ကစားရမယ်၊ ဒီတော့ နိုင်ပွဲတွေယူဖို့ အတော် ယုံကြည်မှု ရှိနေပါလိမ့်မယ်။

ကျနော် ပြောပြမယ်။ အသင်း ခြေစွမ်းက ဒီနောက်ပိုင်း သိပ်မကောင်းဘူး၊ ဒါအတွက် အဖြေရှာရမယ်၊ ပြောင်းလဲရမယ်။ အိုးထရက်ဖိုဒ့်ကွင်းက သရဲနီ ပရိသတ်တွေဟာ ကြီးမားတဲ့ အင်အားအဖြစ် ပါဝင်လာတော့မှာ ဖြစ်တယ်။ ဒါပေမယ့် ကစားသမားတွေကလည်း ကောင်းကောင်း ကစားနိုင်ရမယ်။

လီဗာပူးအသင်းက ခြေစွမ်း ကောင်းနေပါတယ်။ သူတို့ နောက်ဆုံး ၃ ပွဲ မှာ ဖိအားတွေ တင်ပေးဖို့ သေချာ ကစား လိမ့်မယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အဆင့် ၄ ထဲ ဝင်အောင်တော့ လုံလောက်အောင် လုပ်နိုင်မှာပါ။ သူတို့ မလုပ်နိုင်ရင် အတော်ကြီး အံ့သြစရာ ဖြစ်တော့မှာပဲ။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။