ဆာအဲလက်စ် ဖာဂူဆန်သာဆိုရင် မန်ချက်စတာ ယူနိုက်တက်အတွက် အန်တိုနီလို ကစားသမားကို ဝယ်ယူဖြစ်မှာ မဟုတ်ကြောင်း တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်းဂန်းက ပြောဆိုလိုက်ပါတယ်။
မနှစ်က နွေရာသီမှာ ပေါင် ၈၅သန်းနဲ့ အေဂျက်ကနေ ရောက်လာခဲ့တဲ့ တောင်ပံကစားသမားဟာ ဒီရာသီ စုစုပေါင်း သွင်းဂိုး ၈ဂိုး၊ ဖန်တီးမှု အနည်းငယ်နဲ့အတူ ယူနိုက်တက် ကစားသမားဘဝ အစောပိုင်း နေ့ရက်တွေက အဆံမပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေခဲ့ပါတယ်။
အန်တိုနီကို ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ငယ်ဘဝနဲ့ နှိုင်းယှဉ်မှုတွေ ရှိပေမယ့် ဆာအဲလက်စ် လက်အောက်မှာ ဖလားသုံးလုံး အောင်မြင်ခဲ့ဖူးတဲ့ ရှရင်းဂန်ကတော့ ဂန္တဝင် နည်းပြကြီးသာဆိုရင် အန်တိုနီကို ကလပ်အတွက် ခေါ်ယူမှာ မဟုတ်ဘူးလို့ ထင်မြင်နေပါတယ်။
“ အန်တိုနီနဲ့ ပတ်သက်ပြီး ဖာဂီ ဘယ်လိုများ ထင်မြင်မလဲဆိုတာ ကျွန်တော် ကြားချင်စမ်းပါဘိ။ ဒီလိုမျိုး တောင်ပံကစားသမားတွေကို ကျွန်တော်တို့ ရင်ဆိုင်ကစားရတဲ့အခါတိုင်း ဖာဂီက သူတို့ကို ‘little fizz-pop’ လို့ ခေါ်တယ်။
သူတို့တွေက တချက်တချက်မှာ ဝှီးခနဲ ရွေ့သွားပြီးတော့ အကြာကြီး ပြန်ပျောက်ကွယ်သွားတတ်တယ်။ မလိုအပ်တဲ့ အလိမ်အခေါက်တွေ လုပ်တတ်တဲ့ တောင်ပံကစားသမားမျိုးပါ။ ဒါပေမယ့် တချိန်တည်းမှာ အံ့ဩစရာဂိုးမျိုးလည်း သွင်းနိုင်စွမ်း ရှိပါတယ်။
တကယ်တော့ အန်တိုနီက ဖာဂီအကြိုက် ကစားသမားမျိုး မဟုတ်ဘူး။ ဖာဂီက သူ့တောင်ပံကစားသမားတွေကို အန်တိုနီထက် ပိုပြီး တည်ငြိမ်မှုရှိတဲ့ ပုံစံမျိုးမှ သဘောကျခဲ့တာ။
အန်တိုနီက ကောင်းမွန်တဲ့ ဂိုးတချို့ သွင်းခဲ့တာ ကျွန်တော် သိပါတယ်။ အရေးပါတဲ့ ဂိုးတချို့ပေါ့။ သူက အရည်အချင်းရှိတဲ့ ကောင်လေးပါ။ သူ့အနေနဲ့ ကလပ်ကို ရော်နယ်ဒို စရောက်တုန်းကလိုမျိုး ပရီးမီးယားလိဂ်အကြောင်း နည်းနည်းပိုပြီး လေ့လာဖို့ လိုအပ်တယ်လို့ ထင်ပါတယ် ” လို့ ရှရင်းဂန်က ထုတ်ပြောခဲ့တယ်။
တိုက်စစ်သမားဟာ ယူနိုက်တက်မှာ ပြင်းထန်တဲ့ ဝေဖန်မှု တချို့ ရင်ဆိုင်နေခဲ့ရပေမယ့် တန်ဟက်ကတော့ အန်တိုနီဟာ ရည်မှန်းချက်ကြီးပြီး သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့်ပဲ အခုလို နေရာကို ရောက်လာတာပါလို့ ထောက်ခံပေးထားတာ ဖြစ်ပါတယ်။