လီဗာပူးဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းထဲ မက်အယ်လစ်စတာကို ဦးစားပေး ထည့်သွင်းထားပေမယ့် ဘရိုက်တန်ကွင်းလယ်လူကို အခြားသော အသင်းတွေလည်း ခေါ်ယူလိုနေတာကို ကောင်းကောင်း နားလည်ထားကြောင်း မာဆေးဆိုဒ် သတင်းဌာနက ဖော်ပြလာပါတယ်။

အနည်းဆုံး ကွင်းလယ်လူသစ် ၂ ဦး အားဖြည့်မယ့် လီဗာပူးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ရိုင်ယန် ဂရာဗင်ဘက်ချ်၊ ချယ်ဆီးက ကော်နာ ဂယ်လာဂါနဲ့ မေဆန်မောင့်၊ ဝက်စ်ဟမ်းမှ ရိုက်စ်တို့က တခြားသာ ရွေးချယ်စရာတွေ ဖြစ်ပါတယ်။

ကလော့ပ်ဟာ ကွင်းလယ်အင်ဂျင်ခန်းအတွက် မျက်နှာသစ် ကစားသမားတွေ ခေါ်ယူဖို့ စီစဉ်ထားတာနဲ့အတူ ပစ်မှတ်စာရင်းက သာမန်ထက် ပိုများပြားနေပါတယ်။ ဒါကြောင့်ပဲ လီဗာပူးဟာ ဘင်ဖီကာက ဖလော်ရန်တီနို လူးဝစ်၊ စပို့တင်းက အူဂါတီတို့နဲ့လည်း ချိတ်ဆက်မှု ရှိခဲ့ပါသေးတယ်။

ရာသီကုန်မှာ ဂျိမ်းစ်မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ အာသာမယ်လိုတို့ ထွက်ခွာသွားကြမယ့် ကွင်းလယ်အတွက် ငွေအများကြီးသုံးစွဲပြီး ပြန်လည် တည်ဆောက်ရမှာဖြစ်ပေမယ့် နောက်ထပ်သော စျေးကွက်တွေအတွက် ဆက်လက် စောင့်ကြည့်မယ် ကစားသမားတွေကိုပါ ကလောပ့်တို့က ရွေးချယ်ထားတာပါ။

ဒီနွေအတွက် လီဗာပူး ပစ်မှတ်ထဲမှာ မက်အယ်လစ်စတာက ထင်ထင်ရှားရှား ပါဝင်နေပါတယ်။ ကမ္ဘာ့ဖလားဆုရှင် ကွင်းလယ်လူကို မန်ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပြီး အပြိုင်ကြိုးစားလာမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ မန်ယူတို့ဟာ ရိုက်စ်ကို ခေါ်ယူရေးမှာ အာဆင်နယ်နဲ့လည်း ပြိုင်ဆိုင်ကြဖို့ ရှိနေပါတယ်။

ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ သေချာသလောက်ဖြစ်နေတဲ့ သတင်းတွေနဲ့အတူ ဘာနာဒိုဆေးဗား၊ ဂန်ဒိုဂမ်တို့ရဲ့ အနာဂတ် မရေရာမှုတွေကြားမှာ မန်စီးတီးကလည်း မက်အယ်လစ်စတာကို စိတ်ဝင်စားလာနေပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းဟာ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကိုလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။