မန်ချက်စတာ ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ မစတင်ခင်မှာပဲ ကစားသမား ခေါ်ယူရေးအတွက် ပထမဆုံးသော လှုပ်ရှားမှု စတင်လိုလာခဲ့ဟန် ရှိပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက် ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြလာခဲ့တာပါ။ အင်္ဂလန်ကွင်းလယ်လူဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ၁၂ လပဲ စာချုပ်ကျန်ရှိတော့တာဖြစ်ပြီး ဒီနွေမှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။

ချယ်ဆီးရဲ့ စာချုပ်သက်တမ်းတိုးဖို့ဆိုင်ရာ ကမ်းလှမ်းမှု ၂ ကြိမ်ကို ငြင်းဆန်ထားတဲ့ မေဆန်မောင့်ဟာ ပုံမှန်ပွဲကစားခွင့်ရမယ့် အင်္ဂလန်ကလပ် တစ်သင်းထံပဲ ပြောင်းမယ်လို့တော့ ယူဆခံထားရပါတယ်။

လီဗာပူး၊ အာဆင်နယ်တို့နဲ့ ရေပန်းစားနေသလို နယူးကာဆယ်၊ မန်စီးတီးတို့ကလည်း စောင့်ကြည့်ထားတဲ့ ကွင်းလယ်လူအား မန်ချက်စတာ ယူနိုက်တက်က ပေါင် ၅၅ သန်းဖြင့် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ နည်းပြတန်ဟက်ဟာ ကွင်းလယ်မှာ လူအင်အား တောင့်တင်းလာဖို့ကော မောင့်ရဲ့ နေရာစုံ ကစားနိုင်မှုကိုပါ သဘောကျပါတယ်။

ချယ်ဆီးနည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုကလည်း မောင့်ကို သဘောကျတာမို့ ချယ်ဆီးမှာ ဆက်ထိန်းထားလိုတယ်။ ဒါပေမယ့်လို့ ကလပ်နဲ့ ကစားသမားကြား စာချုပ်ကိစ္စက သဘောထား မညီဖြစ်ခဲ့တာနဲ့အတူ ချယ်ဆီးအကယ်ဒမီထွက် ကွင်းလယ်လူက နွေမှာ ထွက်ခွာဖို့ကိုပဲ ဦးတည်နေခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးဘက်ကတော့ မောင့်ကို ရောင်းထုတ်ရမယ်ဆိုရင် ပေါင် ၈၅ သန်းထိ အလိုရှိနေပြီး ကလပ်တွေ စျေးပြိုင် ကမ်းလှမ်းလာမှာကို အလိုရှိနေသေးတာ ဖြစ်ပါတယ်။