ဒီနွေစျေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် နည်းပြတန်ဟက် အဓိက ခေါ်ယူပေးသင့်တဲ့ ကစားသမားက ဂိုးသမားနေရာပါလို့ သရဲနီဟောင်းတွေ ထောက်ခံလိုက်ပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရေး နောက်ဆုတ်ခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီတလောမှာ ဂိုးသမား နေရာအတွက် အတော်လေး အသံထွက်နေတာပါ။ ဒါဟာ မှန်ကန်တဲ့ ကြိုးစားမှုပဲလို့ ဂယ်ရီနဗီးနဲ့ ရွိုင်ကိန်းတို့က မြင်ပါတယ်။

နဗီးက ပြောရာမှာ ” ယူနိုက်တက်က တိုက်စစ်မှူးရယ် ဂိုးသမားနေရာတွေကနေ စပြီး ပြင်ဆင်သင့်ပါတယ်။ သူတို့က တိုက်စစ်ပိုင်းမှာ ကြီးကြီးမားမား ရုန်းကန်နေရသလို ထိပ်တန်းဂိုးသမားသစ် ခေါ်ယူဖို့လည်း အချိန်တန်နေပါပြီ။

ဒီဂီယာက ယူနိုက်တက်မှာ သိပ်ကောင်းတဲ့ ကစားသမားဘဝ ရခဲ့ပြီး ထူးချွန်လှတဲ့ ဂိုးသမားဖြစ်ပါတယ်။ ဒါပေမယ့်လို့ အခုချိန်မှာ နံပါတ် ၁ နေရာအတွက် သူက စိန်ခေါ်မှုတွေ လုပ်ရတော့မယ့် ကာလပါပဲ။ ယူနိုက်တက်က ကွင်းလယ်ကိုလည်း အားဖြည့်ရမှာပါ။

တန်ဟက်က ကွင်းလယ်ကနေ ဘောလုံးကစားစေလိုပြီး နည်းစနစ်ကောင်းတဲ့ ကစားသမားတွေနဲ့ ဖြတ်ကျော်လိုနေတာပါ။ လက်ရှိ သူပိုင်ထားတဲ့ ကစားသမားတွေနဲ့ဆိုရင် အဲ့လို ကစားနိုင်မှာ မဟုတ်ပါဘူး ” ဆိုပြီး ဖြစ်ပါတယ်။

နဗီးရဲ့ တွဲဘက် ကစားသမားဟောင်း ရွိုင်ကိန်းကလည်း ညာအစွန်လူနဲ့ တူညီတဲ့ အမြင်မျိုး ရှိထားပါတယ်။ တန်ဟက် ဦးစားပေး အင်အားဖြည့်သင့်တာက ဂိုးသမားလို့ သူက မြင်တယ်။

ရွိုင်ကိန်းက ” သူတို့လိုနေတာ ဂိုးသမားသစ်နဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးပါ။ ဒါကြီးကို ပြောနေရတာ ဖျားတောင် ဖျားချင်လာပြီ။ ဒီဂီယာက မလုံလောက်ဘူး။ သူက ယူနိုက်တက်အသင်း ဆုဖလားတွေ ပြန်အောင်မြင်အောင် လုပ်ပေးနိုင်မယ့်သူ မဟုတ်ပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပိုင်ရှင် အပြောင်းအလဲ ရှိရင်တောင် FFP ကြောင့် နွေအသုံးစရိတ် ပေါင် သန်း ၁၀၀ ဝန်းကျင်လောက်ပဲ ရမယ်လို့ သိထားရပြီး ဒါကို ဘယ်လို ကျော်ဖြတ်မလဲက ဒီစျေးကွက်မှာ မြင်ကြရမှာ ဖြစ်ပါတယ်။