မန်ချက်စတာ ယူနိုက်တက်ဟာ ပွဲထွက် ဂိုးသမား ဒီဂီယာကို ဆက်ထိန်းနိုင်ဖို့ စီစဉ်နေပေမယ့် ဒီနွေမှာပဲ ကလပ်အတွက် ပွဲ ၅၀၀ ကျော် ကစားပေးထားတဲ့ ဝါရင့် ဂိုးသမားကို လက်လွှတ်ရတာလည်း ဖြစ်လာနိုင်ပါတယ်။

စပိန်သား ဂိုးသမားရဲ့ စာချုပ်ဟာ ဒီလကုန်ရင် သက်တမ်းကုန်ပြီဖြစ်ကာ အခုချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးပါဘူး။ ယူနိုက်တက်ဘက်က ဂိုးသမားပေါင်း များစွာကို စောင့်ကြည့်နေပေမယ့် နွေ အသုံးစရိတ် အကန့် အသတ်ကြောင့် ဒီဂီယာကိုပဲ ဆက်ထိန်းဖို့ကိုလည်း ရွေးချယ်နိုင်တာပါ။

နည်းပြ တန်ဟက် သဘောကျနေတဲ့ ဂိုးသမားတွေထဲမှာတော့ ပေါ်တိုအသင်းမှ အသက် ၂၃ နှစ်အရွယ် ဂိုးသမား ဒီယေဂို ကော်စတာက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဘောလုံးကိုင်ကစားနိုင်စွမ်း ကောင်းမွန်တဲ့ ကော်စတာဟာ မော်ဒန် ဂိုးသမားတွေလို တိုက်စစ် စတင်ရေး ဘောလုံးပေးနိုင်စွမ်း မြင့်မားပါတယ်။

သူ့ကို ခေါ်ယူလိုရင် စာချုပ်ပါကြေး ယူရို ၇၅ သန်း ပေးရမှာ ဆိုပေမယ့် FFP စည်းမျဉ်းအောက်မှာ ဘဏ္ဍာရေး ဟန်ချက် ညီရေး ပေါ်တိုဘက်က ဈေးလျော့ပေးနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမား အိုနာနာကိုလည်း သဘောကျထားပါတယ်။ ပေါင် သန်း ၅၀ မကျော်တဲ့ ပမာဏ နဲ့ အိုနာနာကို ခေါ်ယူနိုင်သလို အင်တာမီလန်ရဲ့ ဘဏ္ဍာရေး အခြေအနေ ဆိုးရွားမှုမှာ ဂိုးသမားရဲ့ ပြောင်းရွှေ့ကြေးက အထောက်အပံ့ဖြစ်နိုင်တာပါ။

ယူနိုက်တက်ဟာ အေစီမီလန်မှ မိုက်မေးနန်၊ အက်စတွန်ဗီလာမှ မာတီနက်စ်၊ ဘရန့်ဖိုဒ့်မှ ဒေးဗစ်ယာယာနဲ့ အဲဗာတန်မှ ပစ်ဖို့ဒ် တို့ကိုလည်း သဘောကျနေတယ်လို့ သိရပါတယ်။