ပြင်သစ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှုး အမ်ဘာပေကတော့ ဘောလုံးကမ္ဘာမှာ ကစားသမားတိုင်း မက်မော လိုချင်ကြတဲ့ ဘလွန်းဒီအော ဆု ကို ဒီနှစ် သူလည်း ရသင့်တယ် လို့ ယုံကြည်မှု ရှိရှိ ဖွင့်ဟလာပါတယ်။
ဒါပေမယ့် ဘာပေ က မက်ဆီလို နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ဖလား မရထားသလို ဟာလန်းလိုလည်း ကလပ်အသင်းနဲ့ ချန်ပီယံလိဂ် အောင်နိုင်ထားသူ မဟုတ်တာကြောင့် ဖြစ်နိုင်ခြေ နည်းနေဦးမှာပါ။
ဘာပေကတော့ သူ့ တကိုယ်ရည် စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေက ဘလွန်းဒီအော ဆု ရဖို့အတွက် ပြည့်မှီကြောင်း လတ်တလော အင်တာဗျူးမှာ ဆိုလာခဲ့ပါတယ်။
” တစ်ဦးချင်း ထူးချွန်ဆုတွေအကြောင်း ပြောဖို့ဆိုတာ အမြဲ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် စွမ်းဆောင်ရည် ကိုယ် ပြန် အကဲဖြတ်ပြီး ဖြေရတာမျိုး ဖြစ်လို့ပါ။ ဒါက ပရိသတ်တွေ အမြင်နဲ့ ကိုက်ညီနေဖို့ ဆိုတာ အမြဲတမ်း မဖြစ်နိုင်ဘူးလေ။
ကျနော့် အမြင်ကတော့ ဘလွန်းဒီအော ဆု ကို ရဖို့ ကျနော်က အချက်အလက်တွေ ကိုက်ညီ ပြည့်စုံတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လာမလဲကတော့ စောင့်ကြည့်ရမှာပေါ့။ ဒါက vote လုပ်တဲ့သူတွေ အပေါ်ပဲ မူတည်တယ်။ ကျနော်ကတော့ အကောင်းဘက်ကပဲ မြင်ပါတယ်။ ” လို့ ဘာပေက ပြောဆိုခဲ့တာပါ။
၂၀၂၃ ဘလွန်းဒီအော ဆုဟာ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ရထားတဲ့ မက်ဆီ၊ မန်စီးတီးနဲ့ အတူ ဖလား ၃ လုံး အောင်မြင်ထားတဲ့ ဟာလန်းတို့သာ ရဖို့ ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပြီး အမ်ဘာပေ ရဖို့ အခွင့်အလမ်းက နည်းပါးနေပါတယ်။