အာဆင်နယ်ဟာ ဒီနွေအတွက် အဓိက ခေါ်ယူမှုကြီးအဖြစ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင်ကြေး ပေးပြီး ခေါ်ယူဖို့ကို ရည်ရွယ်ထားပါတယ်။

အစောပိုင်း နှစ်ကြိမ် ကမ်းလှမ်းမှု ငြင်းဆန်ခံထားရသလို မန်စီးတီးကလည်း ရိုက်စ်ကို ခေါ်ယူရေး ပါဝင်လာပါပြီ။ အာဆင်နယ်နဲ့ ကစားသမားကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားခြင်းကြောင့်ပဲ ရိုက်စ်ဟာ အာတီတာ လက်အောက် ကစားလိုနေတယ်လို့ မှန်းဆထားကြတာ ဖြစ်ပါတယ်။

ရိုက်စ်ကို မန်စီးတီးထံ လက်လွတ်ရမယ်ဆိုရင် အာဆင်နယ်အတွက် အထိနာမှု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်မှာ အခြားသော ပစ်မှတ်တွေကို ကြိုတင် ပြင်ဆင်ထားတာ ရှိပါတယ်။

အာဆင်နယ်ရဲ့ ပလန် ဘီ အကြောင်း Ornstein က ပြောလာရာမှာတော့

“ အကယ်လို့ ဒီကလန်ရိုက်စ်ကိစ္စ အဆင်မပြေဘူးဆိုရင်၊ လက်တလောမှာ အာဆင်နယ်က ပလန်ဘီအတွက် အာရုံစိုက်တာမျိုးတော့ မရှိပါဘူး ဘာလို့လဲဆိုတော့ သူတို့က ရိုက်စ်ကို ခေါ်ယူရေးအပေါ်ပဲ အပြည့်အဝ စိတ်ထည့်ထားပါတယ်။

ဒါပေမယ့် ရိုက်စ်ကို ခေါ်ယူရေး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် အာဆင်နယ်က ကိုင်ဆီဒို ဒါမှမဟုတ် အခြားသော ပစ်မှတ်တွေဘက် လှည့်မှာပါ။ ရိုမီယို လာဗီယာလည်း အတော်လေး သတင်းထွက်ထားပါတယ်။ အခုချိန်ထိတော့ မထူးခြားသေးပေမယ့် စက္ကန့်ပိုင်းမှာတင် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ် ” လို့ ဖြစ်ပါတယ်။

ကိုင်ဆီဒိုကို ခေါ်ယူမယ်ဆိုရင် ဒီကလန်ရိုက်စ်ထက် သက်သာမယ်လို့ ယူဆရပေမယ့် ပေါင် သန်း ၈၀ ဝန်းကျင် ဖြစ်နိုင်ပါတယ်။ လာဗီယာကို ခေါ်မယ်ဆိုရင်တော့ ပေါင် ၄၅ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။