နောက်လမှာ စတင်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ရာသီကြို အစီအစဉ် အတွက် နည်းပြ တန်ဟက်ဟာ ကြိုတင် ပြင်ဆင်မှုတွေ အကျအန ပြုလုပ်နေပါတယ်။

ဘောလုံးရာသီကြား ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင်နေခြင်း အပါအဝင် ရှည်လျားတဲ့ ၁၀ လတာကို ကျော်ဖြတ် ခဲ့ပြီးတဲ့ နောက်မှာ ယူနိုက်တက် ကစားသမား အများအပြားက အနားရနေကြပါတယ်။ သူတို့ ရာသီကြိုကို ပြန်လာ ပူးပေါင်း ချိန်မှာ နည်းပြတန်ဟက်က အရှိန်တွေ ဖြုန်းတီးနေမှာ မဟုတ်ပါဘူး။

ကာရင်တန်ကို ရောက်လာလာချင်းမှာပဲ ကစားသမားတွေဟာ စစ်ရေးလေ့ကျင့်ခန်းလို ပြင်းထန်မယ့် Hell Week ထဲ သွင်းဖို့ နည်းပြအဖွဲ့က ပြင်ဆင်ထားပါတယ်။ တန်ဟက်ကတော့ ကစားသမားတွေကို ကြံ့ခိုင်မှုပိုင်း အာရုံစိုက်ထားကြဖို့ ကြိုတင် မှာကြားထားပြီးပါပြီ။

မနှစ်နွေမှာတုန်းကလည်း နည်းပြက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကို ဖိအားပေးခြင်းနဲ့ အပြေးဆိုင်ရာ ကိစ္စတွေမှာ အတော်လေး အားထုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ဟာ ပိုမို ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပါဝင်လာမှာပါ။

မနှစ်ကရာသီမှာ ယူနိုက်တက် ကစားသမားတွေက ပြိုင်ပွဲစုံ ၆၂ ပွဲကစားခဲ့ရပေမယ့် ဒီနွေမှာ ပြင်းထန်တဲ့ လေ့ကျင့်ရေး တွေ ပြုလုပ်ဖို့ ပြဿနာ မရှိနိုင်ဘူးလို့ နည်းပြအဖွဲ့က ယုံကြည်နေတယ်။ ရာသီကြို အဖွင့် သီတင်းပတ် မှာတင် ၄ ရက်ဆက်တိုက် လေ့ကျင့်ချိန် ၂ ချိန် လုပ်စေဖို့လည်း လျာထားပါတယ်။

မနှစ်က ရာသီစမှာ ဘရိုက်တန်နဲ့ ဘရန့်ဖိုဒ့်တို့ကို ဆက်တိုက် အရေးနိမ့်ခြင်းလို အထနှေးမှု မဖြစ်ရေး ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေဖြင့် နှိုးဆွပေးဖို့ဟာ ရာသီကြိုမှာ နည်းပြအဖွဲ့ အဓိက အားထုတ်မယ့် ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။