ဘင်ဖီကာဥက္ကဋ္ဌ ရာအူး ကော်စတာဘက်က သူတို့အသင်း တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်အတွက် မန်ချက်စတာ ယူနိုက်တက် ဘက်က ကမ်းလှမ်းမှု ပြုလုပ်လာမှာကို မျှော်လင့်နေပါတယ်။
ဒီဇင်ဘာ ကမ္ဘာ့ဖလားတည်းက မန်ယူနိုက်တက်ဟာ ရာမိုစ့်ကို လိုက်နေခဲ့တာပါ။ ဆွစ်ဇလန်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ချိန်မှာ သူနဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ သတင်းက ခေါင်းကြီးပိုင်းမှာ ပါလာခဲ့ကာ ယူရို သန်း ၁၀၀ နဲ့မှ ခေါ်ယူနိုင်မယ် ဖော်ပြခဲ့ကြပါတယ်။
ယူနိုက်တက်က ဒီနွေမှာ ဟယ်ရီကိန်းကို ဦးစားပေး ပစ်မှတ်အဖြစ် ရည်ရွယ်ခဲ့ပေမယ့် ခေါ်ယူနိုင်တော့မှာ မဟုတ်ခြင်းကြောင့် အတ္တလန်တာမှ ဟော့ဂျ်လန်း၊ ဖရန့်ဖတ်မှ ကိုလို မူအာနီတို့ကို စိတ်ဝင်စားလာတယ်။
ဘင်ဖီကာ ဘက်ကတော့ ဂွန်ကာလိုအတွက် ယူရို သန်း ၈၀ တန် ကမ်းလှမ်းမှုမျိုးဆိုရင် လက်ခံပေးမှာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ မနှစ်ကရာသီမှာ ဘင်ဖီကာနဲ့အတူ ပရီးမီးယားလီဂါကို အနိုင်ရခဲ့သလို ကိုယ်တိုင် ၂၇ ဂိုး သွင်းယူခဲ့ကာ ၁၂ ကြိမ် ဂိုးထောက်ပံ့မှု လုပ်နိုင်ခဲ့ပါတယ်။ ဒီနွေမှာ သူ့ကို ကမ်းလှမ်းမယ့် ကလပ်တွေ က မျှော်လင့်ထားသလို များများစားစား မထွက်ပေါ်လာခဲ့ပါဘူး။
ဒါကြောင့်ပဲ ဘင်ဖီကာဘက်က သူတို့ တိုက်စစ်မှူးအတွက် မြင့်မားတဲ့ ပမာဏ တောင်းဆိုဖို့ထက် ကလပ်တွေ ညိနှိုင်းမှု ဝင်လောက်မယ့် ဈေးနှုန်းထိ လျော့ချလာခဲ့တာပါ။
နည်းပြတန်ဟက်ဟာ ဒီနွေမှာ အသုံးစရိတ် ယူရို သန်း ၁၂၀-၁၄၀ ကြားပဲ ရထားတာပါ။ ဒါပေမယ့်လို့ ကစားသမား ရောင်းချမှုက ရလာမယ့် အသုံးစရိတ်ကိုတော့ လူသစ် ခေါ်ယူမှုတွေအတွက် သုံးခွင့်ရမှာပဲ ဖြစ်ပါတယ်။