အာဆင်နယ် အသင်းဟာ အေဂျက်အသင်းမှ နယ်သာလန်သား နောက်ခံလူ တင်ဘာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး အပြည့်အဝ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တပြိုင်နက်တည်း ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဘက်က ယူရို သန်း ၄၀ အပြင် ထပ်တိုးကြေး ယူရို ၅ သန်းပေးဖို့ သဘော တူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် နယ်သာလန်သား ခံစစ်သမားဟာ အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူဖို့ ခွင့်ပြုချက် ရခဲ့ကာ ပုဂ္ဂိုလ်ရေးပိုင်း အပြီးသတ်ဖို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့လတုန်းက တင်ဘာအတွက် ပေါင် သန်း ၃၀ ဖြင့် စတင် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ငြင်းဆန် ခံခဲ့ရတာပါ။ ဗဟိုခံစစ်မှူးနေရာ ကစားနိုင်တဲ့ တင်ဘာဟာ ညာခြမ်း အစွန်လူနေရာမှာပါ ကစားနိုင်ပြီး နယ်သာလန် အတွက် အဆိုပါ နေရာမှာ ၁၅ ပွဲ ကစားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီကလန်ရိုက်စ် အပြောင်းအရွှေ့ အပြီးသတ်ဖို့ ဆက်လက် လုပ်ဆောင်နေပြီး အင်္ဂလန်သားကလည်း အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားသလို ဆေးစစ်ဖို့အတွက်လည်း ခွင့်ပြုမိန့် ရထားပါပြီ။

ဒီနွေဈေးကွက်မှာ အာတီတာရဲ့ အသင်းဟာ ချယ်ဆီးကနေ ဟာဗက်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားပြီးပါပြီ။ ရိုက်စ်နဲ့ တင်ဘာ တို့ကတော့ ဒုတိယနဲ့ တတိယမြောက် ခေါ်ယူမှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။