ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ကိုင်ဟာဗက်ဇ်နဲ့ မေဆန်မောင့် တို့ကို ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ထံ ရောင်းချလိုက်တဲ့ ချယ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက် အပေါ် မယုံနိုင်စွာ အံ့အားသင့် နေခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ သူတို့ရဲ့ ဖောင်းပွနေတဲ့ လူစာရင်းကို လျှော့ချဖို့ ဒီနွေမှာ ခပ်သွက်သွက် လှုပ်ရှားနေပြီး ဟာဗက် အပါအဝင် ကစားသမား ၆ ဦးကို ရောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ဟာဗက်က အာဆင်နယ် အသင်းထံ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့သွားပြီး မောင့်ကလည်း မန်ချက်စတာ ယူနိုက်တက် ထံ ပေါင် ၅၅ + ၆ သန်းနဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ကတော့ ချယ်ဆီးအသင်းဟာ သူ့ မဟာပြိုင်ဘက်အသင်းတွေထံ ဒီလို ကစားသမား ရောင်းချမှုတွေ လုပ်တဲ့ အပေါ် မယုံနိုင်အောင် ဖြစ်နေပါတယ်။

” ပွင့်ပွင့်လင်းလင်း ပြောရအောင်ဗျာ။ မေဆန်မောင့်နဲ့ ကိုင်ဟာဗက်ဇ် ကို ရောင်းတယ် ဆိုတာ ချယ်ဆီးအတွက်တော့ အကျိုးဖြစ်တဲ့ ကိစ္စ မဟုတ်ဘူး။ ကျွန်တော်ဖြင့် နားတောင် မလည်နိုင်ဘူး။

ချယ်ဆီးက ငွေလိုနေလို့ ဆိုရင်လည်း တမျိုးပေါ့။ ဒါပေမယ့် အဆင့် ၄ အတွင်း ဝင်ဖို့ အန္တရာယ် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးနဲ့ ကစားသမား ကို ရောင်းထုတ်လိုက်တာ အဓိပ္ပါယ် မရှိဘူးလေ။ အဲလို ထပ် ဖြစ်မယ် ဆိုရင် ငွေပို ဆုံးရှုံးမှာက ဒီကလပ်အသင်းပဲ။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့က နောက်ရာသီ top four ထဲ ဝင်ဖို့ သေချာပေါက် ယှဉ်ရမယ့် ပြိုင်ဘက်တွေပါ။ ဒီတော့ ကိုယ့် အကောင်းဆုံး ကစားသမား ၂ ယောက်ကို ဒီပြိုင်ဘက်တွေဆီ ရောင်းပြီး အသင်းကို အားနည်းအောင် ဘာလို့ လုပ်လိုက်တာလဲ ?

ချယ်ဆီးဖန်တွေကတော့ မောင့်နဲ့ ဟာဗက်ဇ် က ပြီးခဲ့တဲ့ရာသီ သိပ်ကောင်းတာလည်း မဟုတ်ဘူးလို့ ပြောလိမ့်မယ်။ ဒါပေမယ့် ဒီကစားသမားတွေက သူတို့ကို သွေးပေးနိုင်တဲ့ အသင်း ရောက်ရင် သေချာပေါက် တောက်ပလာကြမှာ။

သူတို့ကို ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ဆီ ရောင်းလိုက်တယ် ဆိုရင် နားလည်လို့ ရဦးမယ်။ အရည်အသွေး သက်သေမပြရသေးတဲ့ တခြား ကစားသမားသစ်တွေကို ထိန်းထားဖို့ ဒီလူတွေကို ပြိုင်ဘက်တွေဆီ ရောင်း ငွေဖော်တာကြီးကတော့ မဟုတ်သေးဘူး။

ချယ်ဆီး ခု သွားနေတဲ့ ပုံက နောက် ၅ နှစ်နေရင် ဘောလုံးလောကကို လွှမ်းမိုးဖို့ပေါ့။ ဒါပေမယ့် ဘောလုံးလောက ရဲ့ အပြောင်းအလဲတွေက ဘယ်လိုတောင် ဖြစ်နိုင်လဲ အားလုံး သိကြတာပဲ။ သူတို့ ဝယ်ထားတဲ့ လူငယ်တွေက အနာဂတ်မှာ ကြယ်ပွင့်တွေ ဖြစ်ကို ဖြစ်လာမယ်လို့ ဘာ အာမခံချက်မှ မရှိဘူး။ ” လို့ ပေါမာဆန်က ထောက်ပြ သုံးသပ်သွားခဲ့ပါတယ်။

ဒီနွေမှာ ချယ်ဆီးအသင်းကနေ မောင့်၊ ဟာဗက်ဇ် အပြင် ကိုဗာဆစ်၊ ကူလီဘာလေ၊ မန်ဒီ၊ လော့ဖ်တပ်ချိခ်နဲ့ ကန်တေ တို့လည်း ထွက်ခွာသွားပြီး ဖြစ်သလို ပူလီဆစ်၊ လူကာကူနဲ့ အိုဒွိုင်းတို့လည်း ထွက်ခွာဖွယ် ရှိနေပါတယ်။