မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ်လူ မေဆန်မောင့်ကို ချယ်ဆီးအသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားအတွက် ကနဦး ပေါင် ၅၅ သန်း၊ ထပ်တိုးကြေး ပေါင် ၅ သန်းပေးဖို့ သဘောတူခဲ့ကာ တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ထိ ပေးသွားမှာပါ။ သူဟာ နည်းပြတန်ဟက်ရဲ့ လူစာရင်းမှာ ကာဆီမီရို၊ ဖာနန်ဒက်စ်တို့ရဲ့ အရှေ့က ကစားရဖွယ် ရှိပါတယ်။

မန်ချက်စတာ ကစားသမားသစ် အဖြစ် စတင်မိတ်ဆက်ပြီးနောက် MUTV နဲ့ အင်တာဗျူးမှာ ကစားသမားသစ် မေဆန်မောင့်က သူမန်ချက်စတာကို ပြောင်းလာရတာဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ဆုဖလားကြီးတွေ အနိုင် ယူဖို့လို့ ရင်ဖွင့်ခဲ့ပါတယ်။

” ကိုယ် ကြီးပြင်းလာခဲ့ရတဲ့ အသင်းကနေ ထွက်ခွာရတယ် ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့် ကစားသမား ဘဝ နောက်စာမျက်နှာ အတွက် ရင်ခုန်စရာ စိန်ခေါ်မှုတွေ ပေးပါလိမ့်မယ်။

ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရဖူးတော့ ကျွန်တော် ပြောင်းရွှေ့မယ့် အသင်းမှာ ဘယ်လောက် တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားလဲ ဆိုတာကို သိပြီးသားပါ။ အဓိက ဆုဖလားကြီးတွေ ရယူဖို့ ဒီအသင်းရဲ့ တစိတ်တပိုင်း အဖြစ် ပါဝင်ရမှာ အတွက် မစောင့်နိုင်အောင်ပါပဲ။

အဲရစ်တန်ဟက် လက်အောက်မှာ ဒီကလပ်က ဘယ်လောက် ခြေလှမ်းကြီးတွေနဲ့ တိုးတက်လာနေလဲ လူတိုင်း တွေ့မြင်နေကြပါပြီ။ မန်နေဂျာနဲ့ တွေ့ပြီး သူ့ အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့ရသေးတယ်။ စိတ်လှုပ်ရှားစရာ ရာသီသစ် အတွက် အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေသလို ဒီမှာ ကြိုးစားပြဖို့လည်း အသင့်ပါပဲ။

ကျွန်တော်က တကယ်ကို ရည်မှန်းချက်ကြီးတဲ့ သူပါ။ အဓိက ဆုဖလားကြီးတွေ ရယူရတာ ဘယ်လောက် အံ့ဖွယ်ကောင်းတဲ့ ဖီလင်လဲ ကောင်းကောင်း သိပါတယ်။ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ အရာရာ၊ အတွေ့အကြုံတွေကို မန်ယူနိုက်တက်ဆီ သယ်ဆောင်လာမှာပါ။ ” လို့ မေဆန်မောင့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။