မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမားသစ်တွေ အရှာထွက်နေတာဖြစ်ပြီး အင်တာမီလန် ဂိုးသမား အိုနာနာ အပြင် အရံအတွက် လူငယ် ဂိုးသမား တစ်ဦးကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ဒီဂီယာကို အလွတ်ဖြင့် ထွက်ခွင့်ပေးပြီး ဒင်းဟန်ဒါဆန်ကိုလည်း ရောင်းချသွားမယ့် ယူနိုက်တက်ဟာ ဂိုးသမား ၂ ဦးလောက် လိုအပ်နေတာ ဖြစ်ပါတယ်။ အဲ့အတွက် တစ်ဦးကတော့ ဂျပန်ဂိုးသမား ဆူဇူကီဖြစ်လာဖို့ ရှိနေပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ ယူနိုက်တက်ဟာ အိုနာနာ အရံအဖြစ် ထားဖို့ ဆူဇူကီကို ချိန်ရွယ်ခြင်းဖြစ်ကာ ကစားသမားဘက်ကနဲ့ စကားပြောဖို့ ချိတ်ဆက်ထားပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ကင်မရွန်းလက်ရွေးစင်ကို လက်မှတ်ထိုးနိုင်ရေး ဦးစားပေးနေတာမို့ ဆူဇူကီအတွက် စကား မပြောနိုင်သေးပါဘူး။

အရပ် ၆ ပေ ၂ လက်မထိ မြင့်တဲ့ ဂျပန်သားဟာ မနှစ်ကရာသီ သူ့အသင်းအတွက် ၂၈ ပွဲ ကစားရာမှာ ၁၁ ပွဲထိ clean sheet ရထားပါတယ်။ သူဟာ ဂျပန်လက်ရွေးစင်အတွက် ပွဲထွက်ပေးခဲ့ပြီဖြစ်ရာ ဟောင်ကောင်ကို ၆-၀ ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ဂိုးသမားအတွက် ယူနိုက်တက်ဘက်က ပေါင် ၅ သန်း ပေးချေရမှာဖြစ်ကာ ၆ နှစ် စာချုပ်ဖြင့် ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။