လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ဟာ ဆော်ဒီအာရေဗျဘက် ပြောင်းရွှေ့ဖို့ စိတ်ပါနေပြီ ဖြစ်ပြီး ကလပ်နှစ်သင်းကြား ညှိနှိုင်းဖို့သာ ကျန်တော့ကြောင်း သတင်းတွေ တောက်လျောက် တက်နေပါတယ်။
အသက် ၃၃ နှစ် အရွယ် အင်္ဂလန်သားကို စတီဗင် ဂျရတ် နည်းပြ အဖြစ် ကိုင်တွယ်တဲ့ Al-Ettifaq အသင်းက ချိတ်ဆက်နေပါတယ်။ ဆော်ဒီကလပ်က ဟန်ဒါဆန်ကို တစ်ပတ် လုပ်ခ ပေါင် ၇ သိန်း လစာနဲ့ ကမ်းလှမ်းထားတာလို့ သိရပါတယ်။
ထိုနည်းတူ ကွင်းလယ်လူ ဖာဘင်ညိုကိုလည်း Al Ittihad အသင်းက ပေါင် သန်း ၄၀ ဖြင့် ချိတ်ဆက်နေပါတယ်။ ဘရာဇီးသား အသင်းပြောင်းမလား ဆိုတာကို လာမယ့် ၂၄ နာရီ အတွင်း သိရမယ်လို့ သုံးသပ်ခံထားရပြီး သူတို့ နှစ်ဦးလုံး နည်းပြ ယာဂင်ကလော့ပ်နဲ့လည်း ပြောဆို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီနွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ အာသာတို့ကို လက်လွတ်ထားရတာကြောင့် လီဗာပူးအသင်းရဲ့ ကွင်းလယ် ဟာ သိသာတဲ့ အားနည်းချက်ကြီးလို့ ကလော့ပ်က ရှုမြင်ထားပါတယ်။ ဒါကြောင့်လည်း ဒီနွေမှာ မက် အယ်လစ္စတာနဲ့ ဆိုဘော့စလိုင်းကို ဝယ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကိုပါ လက်လွတ်ရရင် လီဗာပူးအသင်း ကွင်းလယ်တန်း တစ်ခုလုံး ဒီနွေမှာ ထွက်ခွာခြင်း ဖြစ်လာမှာဖြစ်ကာ ရာသီသစ်အတွက် အားဖြည့်နေတဲ့ မာဆေးဆိုဒ်ကလပ်အတွက် အကြီးအကျယ် သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
လက်တလောမှာတော့ ဟန်ဒါဆန်တို့ကို လက်လွတ်ရရင် ထပ်မံ အားဖြည့်ဖို့ လီဗာပူးဘက်က ကွင်းလယ်လူသစ်တွေ ရှာဖွေနေပြီး အပြောင်းအရွှေ့တွေကို မြန်မြန်ဆန်ဆန် လုပ်လေ့ရှိတဲ့ ကလော့ပ်ရဲ့ အသင်းဟာ ဈေးကွက်ထဲ ပြန် ဝင်လာဦးမှာ ဖြစ်ပါတယ်။