ဂလေဇာ မိသားစု ဟာ အခုချိန်ထိ မန်ချက်စတာ ယူနိုက်တက်ကို ထုတ်မရောင်းသေးဘဲ အချိန်ဆွဲနေပါသေးတယ်။ ဒီနွေမှာ ယူနိုက်တက်တို့ ပိုင်ရှင် အပြောင်းအလဲ ဖြစ်မယ် ထင်ခဲ့ကြပေမယ့် အခုထိ အကောင်အထည် ပေါ်မလာပါဘူး။

ဂလေဇာ တို့ဟာ ၂၀၂၂ နိုဝင်ဘာမှာ ယူနိုက်တက်ကို ရောင်းချမယ် ကြေညာခဲ့ပြီး စိတ်ဝင်စားတဲ့ ဝယ်လက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဓိက ကတော့ ရှိတ် ဂျက်ဆင်ရဲ့ ကာတာ အုပ်စုနဲ့ ဗြိတိန် သူဌေး ဆာ ဂျင် ရက်ကလစ်ဖ် တို့ ဖြစ်ပါတယ်။

ဒါပေမယ့် The Athletic သတင်းဌာနကတော့ အခုထိ ယူနိုက်တက်ကို ဂလေဇာ တို့ မရောင်းသေးတဲ့ အကြောင်းအရင်း အစစ်မှန်ကို ရိုးရှင်းစွာ ဖော်ထုတ်လိုက်ပါတယ်။ ဒါကတော့ ဘယ်သူကမှ ဂလေဇာတို့ တောင်းတဲ့ ဈေး မပေးသေးတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးနဲ့ အများဆုံး ရထားတဲ့ ကမ်းလှမ်းမှုကတော့ ရှိတ် ဂျက်ဆင် ရဲ့ ကာတာ အုပ်စု ပေးထားခဲ့တဲ့ ပေါင် ၄.၆ ဘီလီယံ ဖြစ်ပါတယ်။ ဒါဟာ ဂလေဇာတို့ အလိုရှိတာနဲ့ အများကြီး ကွာဟနေပါသေးတယ်။

အမေရိကန် မိသားစုဟာ ပေါင် ၆ ဘီလီယံ ထိ ရဖို့ အလိုရှိနေတာ ဖြစ်ပြီး အဲဒီလောက်မှ မဟုတ်ရင် ဘယ်သူ့ကိုမှ လက်လွှဲ ရောင်းချမယ့်ဟန် မရှိပါဘူး။

ဒီအခြေအနေ အတိုင်းသာ ဆိုရင် ဂလေဇာတွေကတော့ ဘာ ဖိုင်နယ် ဆုံးဖြတ်ချက်မှ ချမှာ မဟုတ်ဘဲ ယူနိုက်တက်ကို ရောင်းဖို့ အချိန်ဆွဲ ဆက်ထိန်းထားဖွယ်သာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စီရော်နယ်ဒိုရဲ့ လူသိရှင်ကြား ဝေဖန် ထောက်ပြမှုတွေထွက်ပေါ်လာပြီးနောက် ဂလေဇာ မိသားစုက ယူနိုက်တက်ကို ရောင်းမယ် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ လိုချင်တဲ့ ကြေးကြီး ပမာဏ နဲ့ ကလပ်ကို ဝယ်မယ့်သူက ထွက်ပေါ်မလာနိုင်ဘူး ဖြစ်နေပါတယ်။