ဒီနွေမှာ ဥရောပကနေ ဆော်ဒီပရိုလိဂ်ဘက် ပြောင်းရွှေ့တဲ့ နာမည်ကြီး ကစားသမားတွေ အများအပြား ရှိနေပြီး လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်လည်း ပါဝင်တော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မှ ဘန်ဇီမာက စလို့ ပရီးမီးယားလိဂ်ကနေလည်း ကန်တေ၊ ကူလီဘာလေတို့ပါ ပြောင်းရွှေ့သွားကြပြီး မာရက်ဇ်၊ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့လည်း ဆက်လက် ထွက်ခွာသွားကြဦးမှာပါ။

ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ် အက်တီဖက် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း ထိပ်တန်း သတင်းဌာနတွေ အကုန်လုံးက အတည်ပြု ဖော်ပြသွားခဲ့ပြီ ဖြစ်ပါတယ်။

ကစားသမားက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ဒီလ အစောပိုင်းတည်းက ရထားပြီ ဖြစ်ပြီး ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးကတော့ မနေ့ညကမှ သဘောတူညီမှု ရခဲ့တာပါ။

ဟန်ဒါဆန်ရဲ့ LGBT တွေကို ထောက်ခံထားတဲ့ ယခင် လုပ်ရပ်တွေကြောင့် အခုလို လိင်တူ အခွင့်အရေးပိုင်း တင်းကြပ် ကန့်သတ်မှုတွေ ရှိနေတဲ့ ဆော်ဒီဘက် ပြောင်းရွှေ့မယ် ဆိုတာက ပိုပြီး ထောက်ပြစရာ ဖြစ်နေကာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံယူနေရပါတယ်။

ပရိသတ် တစ်ဦးက ဆိုရင် ဟန်ဒါဆန်ကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ နောက်ထပ် လုံးဝ မရွေးတော့ဘဲ အပြီး အနားပေး၊ ဘန်းလိုက်ဖို့ထိ ပြင်းပြင်းထန်ထန် တောင်းဆိုသွားပါတယ်။

Neil P ဆိုတဲ့ ပရိသတ်က ” အင်္ဂလန် အနေနဲ့ နောက်လာမယ့် နိုင်ငံတကာ ပွဲတွေ အတွက် ဟန်ဒါဆန် ကို လုံးဝ မရွေးတော့ဘူး ဆိုတာ ကြေညာချက် ထုတ်ပြန်သင့်ပါတယ်။ မဟုတ်ရင် သူက ပါနေဦးမှာပဲ။

ဒါပေမယ့် သူ့ကိုသာ ဖယ်ထုတ်လိုက်မယ် ဆိုရင် ဒါဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းက အင်္ဂလန်က လူ့အခွင့်အရေး အတွက် လုပ်ဆောင်သင့်တာတွေ မလုပ်ခဲ့တဲ့ အပေါ် အခု ပြန်ပြီး ဖာထေးနိုင်လိမ့်မယ်။

သူ့ ယခင် (LGBT တွေ ဘက်က ထောက်ခံမှု) ရပ်တည်မှုတွေနဲ့ ဆန့်ကျင်တာ လုပ်သွားတဲ့ ဟန်ဒါဆန်ကို အခု ချက်ချင်း လူသိရှင်ကြား အင်္ဂလန်အသင်းကနေ ဖယ်ရှားလိုက်ကြပါတော့။ ” လို့ တွစ်တာကနေ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန် ပြောင်းရွှေ့မယ့် အယ် အက်တီဖက် အသင်းကို လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ် နည်းပြနေပါတယ်။