မန်စီးတီးဟာ တနင်္ဂနွေနေ့ က ဂျပန်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ယိုကိုဟားမား အသင်းကို ၅-၃ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှုး ဟာလန်းက ၂ ဂိုး သွင်းခဲ့ပြီး ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ရရှိခဲ့ပါတယ်။

အကောင်းဆုံး ကစားသမား ဆု အတွက် ဟာလန်း လက်ခံယူစဉ်မှာ ဆုငွေက ဂျပန် ယန်း တစ်သန်း ဖြစ်ပြီး ဆုကြေးငွေကို စာလုံးကြီးနဲ့ရေးထားကာ မြင်သာအောင် ပြသ၊ ခမ်းနားနေခဲ့တာ ဖြစ်လို့ ဆုကြေးကြီးလို့ ထင်မှတ် မှားကြပါလိမ့်မယ်။

ဂျပန် ယန်း တစ်သန်းဟာ ပေါင် နဲ့ ပြန်တွက်မယ် ဆိုရင် ၅၄၈၄ ပေါင်သာ ရှိပါတယ်။ ဟာလန်း မန်စီးတီးမှာ ရနေတာက တစ်ပတ် ပေါင် ၉ သိန်းလောက် ရှိနေပြီး ထို ဆုကြေးဟာ ပင်လယ်ထဲ က ရေတစ်စက် သာသာ ပဲ ရှိမယ် လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ဟာလန်းရဲ့ လုပ်ခလစာဟာ လာမယ့် ရာသီမှာ တစ်ပတ် ပေါင် ၁ သန်းထိတောင် မြင့်တက်သွားနိုင်တယ် လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြထားပြီး ဒါဟာ ကမ္ဘာ့ လစာအမြင့်ဆုံး ရတဲ့ ကစားသမား အဆင့်လည်း ဖြစ်လာမှာပါ။

ဂျပန်မြေမှာ ရခဲ့တဲ့ ဟာလန်းရဲ့ ဆုကြေးကတော့ မပြောပလောက်တဲ့ ပမာဏသာ ဖြစ်လို့ နေပါတယ်။