မနေ့ က ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အာဆင်နယ်က ဘာစီလိုနာ အသင်းကို ၅-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂန်းနားတို့ ခြေစမ်းပွဲနဲ့ မတူအောင် အားထုတ် ကစားသွားခဲ့ပြီး ဘာစီလိုနာ နည်းပြ ဇာဗီကလည်း ပွဲအပေါ် အံ့ဩသင့်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
ရာသီကြို စတင်တာ ခရီးရောက်နေပြီဖြစ်တဲ့ အာဆင်နယ်ဟာ ရာသီသစ်အတွက် ရည်ရွယ်ပြီး ဆာကာ အပါအဝင် အဓိက ကစားသမားတွေကို ပွဲချိန် မိနစ် ၈၀ လောက်ထိကို ထုတ်သုံးခဲ့ပါတယ်။
ပြိုင်ဘက် ဘာစီလိုနာကတော့ ဗိုင်းရပ်စ်ကြောင့် လေ့ကျင့်ရေးဝင်တာ နောက်ကျခဲ့ပြီး ကာယပိုင်း ကြံ့ခိုင်မှုဆိုင်ရာမှာ အားနည်းနေခဲ့ပါတယ်။
ပွဲနဲ့ပတ်သက်လို့ ဇာဗီက ” ရှိုးပွဲအတွက် ဆိုရင် သိပ်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပေမယ့် နည်းပြတွေအတွက်တော့ ပွဲကောင်း မဟုတ်ခဲ့ပါဘူး။ အပြန်အလှန် ကစားခဲ့ကြပြီး အာဆင်နယ်က ကျနော်တို့ထက် ဂိုးကန်သွင်းမှု ပိုများခဲ့တယ်။ ကျနော်တို့ ခံစစ်က ပျော့ညံ့ခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာကို ဒီပွဲက ချန်ပီယံလိဂ်ပွဲ ကျနေတာပဲလို့ ပြောခဲ့သေးတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲအတွက် အာဆင်နယ် အားထုတ်သွားတာက ချစ်ကြည်ရေးပွဲ ဆိုတာထက်ကို ပြင်းထန်ခဲ့ပါတယ်။ လူတိုင်း နိုင်ချင်ကြတာကို ကျနော် နားလည်ပါတယ်။
ကျနော်တို့အတွက်ကတော့ ဒါက ပထမဆုံး ရာသီကြိုပွဲဖြစ်ပြီး အသင်းက ဗိုင်းရပ်စ် ကူးစက် ခံထားရတာကနေ ပြန် သက်သာလာစ ဖြစ်ပါတယ်။ ဂါဗီတို့ လန်ဂလက်တို့ကိုလည်း မသုံးနိုင်ခဲ့ပါဘူး။ အာဆင်နယ်က ကျနော်တို့ထက် ပိုပြီး ကစားနိုင်ခဲ့ပါတယ်။
အာဆင်နယ်က ဒီပွဲမှာ ပုံမှန်ထက်ပိုတဲ့ ပြစ်ဒဏ် ကျူးလွန်မှုတွေ လုပ်ခဲ့ပါတယ်။ ကျနော်တို့ အားလုံး ယှဉ်ပြိုင် လိုကြတာပဲလေ ဒါပေမယ့် ဒါက ချစ်ကြည်ရေးပွဲလေဗျာ။ သူတို့က ပြင်းထန်တဲ့ အရှိန်တွေ ရနေခဲ့တာပါ။ ရလဒ်ကလွဲရင် အစစ အရာရာ ကျေနပ်ပါတယ် ” လို့ ပွဲအပြီးမှာ မှတ်ချက်ပေးသွားတာပဲ ဖြစ်ပါတယ်။